လီဗာပူးကွင်းလယ်လူဟောင်း စပီယားရင်းကို မှတ်မိကြသလား? ဒန်နီမာဖီကလည်း စပီယားရင်းနဲ့ ခပ်ဆင်ဆင် ကစားသမားတစ်ဦးပါ။ နာမည်သိပ်ကြီးလှသူ မဟုတ်ပေမယ့်လို့ သူ့ကို မှတ်မိကြမယ့် လီဗာပူးပရိသတ်တွေလည်း ရှိနိုင်ပါတယ်။

မာဖီဆိုတာဟာ ကာရေဂါ၊ အိုဝင်နဲ့ ခေတ်ပြိုင် လီဗာပူးကစားသမားဖြစ်သလို စတီဗင်ဂျရတ်ရဲ့ စီနီယာလည်း ဖြစ်ပါတယ်။ မာမာထန်ထန် ကစားတတ်တာက သူ့ရဲ့ စတိုင်ဖြစ်တယ်။ မာဖီက သူ့ရဲ့ အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ဗီလာနည်းပြချုပ် ဖြစ်လာခြင်းကို ဒေးလီးမေလ်းကနေ အောက်ပါအတိုင်း ခေါင်းကြီးသတင်းတစ်ပုဒ် ရေးသားခဲ့ပါတယ် …

စတီဗင်ဂျရတ်က လီဗာပူးမှာ ကျွန်တော့် အခန်းဖော်၊ မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ထက် ၃ နှစ်ငယ်တာကြောင့် ဟူလီယာက သူ့ကို အသင်းခေါင်းဆောင်ပေးတဲ့အချိန်မှာ သူ ကျွန်တော့်ကို ပြစ်တင်ကြိမ်းမောင်းမှုတွေ လုပ်မှာ မဟုတ်ဘဲ အသင်းခေါင်းဆောင်ရဲ့ ဝေဖန်မှုတွေကနေ လွတ်မယ်လို့ ထင်ခဲ့တာပေါ့။

ဒါပေမယ့် လိဒ်စ်နဲ့ ပွဲတစ်ပွဲမှာ အားလုံးက ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားခဲ့ပြီး စတီဗ်ရဲ့ ပေးပို့မှုတစ်ခုကို ကျွန်တော် ထိန်းချုပ်ပုံ မှားယွင်းသွားခဲ့တဲ့အခါ သူက ကျွန်တော့်ကို အပြစ်တင်ခဲ့ပါတယ်။ ချက်ချင်းပဲ သူ ကျွန်တော့်ကို ဒေါသတကြီး ပြောဆိုနေတာတွေ့ရတော့ ကျွန်တော် အံ့ဩသွားခဲ့တယ်။

‘ငါ့ကို အပြစ် လာပြောမနေနဲ့၊ ကိုယ့်ေ-ာက်လုပ် ကိုယ်သေချာလုပ်၊ အဲ့ဒါ မကောင်းသေးဘူး’ တဲ့။ သူ လုံးဝ မှန်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် သူ့ကို စိတ်ဆိုးတဲ့ ခံစားချက်က အကြာကြီး မဖြစ်ခဲ့ဘူး။

အဲ့ဒီ့အခိုက်အတန့်ကနေ ကျွန်တော့်ကို သင်ပေးခဲ့တဲ့အရာက ကျွန်တော့် သူငယ်ချင်းဟာ အရည်အချင်း တပုံကြီးနဲ့ ကလေးတစ်ယောက် မဟုတ်တော့ပဲ ခေါင်းဆောင်ကောင်းတစ်ယောက်၊ အောင်မြင်သူတစ်ယောက် ဖြစ်လာခဲ့ပြီဆိုတာပဲ။ ဒါကတော့ အက်စ်တွန်ဗီလာက ခန့်အပ်လိုက်တဲ့ စတီဗင်ဂျရတ်ပါပဲ။

စတီဗ်ဟာ ရောက်တတ်ရာရာ လျှောက်ပြောတတ်တဲ့သူ မဟုတ်ခဲ့ဘူး။ ဘယ်အချိန်မှာ စကားပြောရမယ်၊ ဘယ်အချိန်မှာ ကြားဝင်ရမယ်ဆိုတာ သူရွေးချယ်တယ်။ ဒါပေမယ့် သူ ပြောရင် အားလုံးက နားထောင်ကြတယ်။ သူက ဗီလာ ကစားသမားတွေကို အခွင့်အရေး အသင့်အတင့်ပေးလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ယောက်က မပူးပေါင်းဘူးလို့ သူ ခံစားရရင် အညှာအတာမရှိပဲ ရက်စက်ပြလိမ့်မယ်။ သူတို့ဟာ ပထမအသင်းနဲ့ အနာဂတ် ရှိတော့မှာမဟုတ်ဘူး။

ဒီအော့ဖ်က လီဗာပူး အဝတ်လဲခန်းထဲမှာ အဲ့ဒီ့လို လုပ်ဖို့ ကြိုးစားခဲ့တာကို တွေးမိရင် ကျွန်တော် ပြုံးမိတုန်းပဲ။ စတိဗ်က သူနဲ့ ထိပ်တိုက်တွေ့တော့ ကျွန်တော်တို့တွေ သူတို့နှစ်ယောက်ကို လူခွဲပေးခဲ့ရတယ်။

ဒါက ပွဲနဲ့ပတ်သက်ပြီး သူဘယ်လောက်ဂရုစိုက်တယ်၊ မှန်မှန်ကန်ကန် လုပ်တတ်တယ်ဆိုတာကို ပြသခဲ့တာပဲ။ သူက ကွင်းတွင်းကွင်းပြင်ပမှာ အမှားတွေ လုပ်ခဲ့ပေမယ့် အလေးထားပြီးတော့ အဲ့ဒီ့အမှားတွေကနေ သင်ယူခဲ့တယ်။ နောက်ထပ် ဘာဆက်ဖြစ်လာမလဲဆိုတာ မြင်တွေ့ရဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။

အက်စတွန်ဗီလာ မန်နေဂျာရာထူး နေရာလွတ်သွားတဲ့အချိန် သူ အဲ့ဒီ့ကို သွားလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ မနှစ်က ဒေးလီးမေလ်း သတင်းစာအတွက် သူ့ကို အင်တာဗျူးဖို့ လီဗာပူးက အိမ်ကို သွားလည်ခဲ့သေးတယ်။ ရိန်းဂျားမှာ သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ပါဝင်ခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။

အလွယ်ကူဆုံး ဆုံးဖြတ်ချက်ဆိုရင် အိုင်းဘရောက်စ်မှာ သူဆက်နေပြီး ဆုဖလားတွေ အများကြီးယူ၊ ချန်ပီယံလိဂ် အတွေ့အကြုံ ရယူခဲ့မှာပေါ့။ အဲ့ဒါက လီဗာပူးမှာ နေရာ လှစ်လှပ်သွားရင် သူ့ကို ထိပ်ဆုံးကနေ ရေပန်းစားစေမှာပါ။

ဗီလာက ပရီးမီးယားလိဂ်မှာ ပြိုင်နေရတာကြောင့် ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုပါ။ ကလပ်များစွာက ကမ္ဘာ့အဆင့် မန်နေဂျာတွေ၊ သိပ်ကိုကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေ ရှိကြတယ်။ ဒီစိန်ခေါ်မှုကို စွန့်စားပြီးရယူခဲ့တဲ့ စတိဗ်က သူဟာ ဘယ်လောက် ယုံကြည်မှုရှိပြီး၊ စိတ်အားထက်သန်တဲ့ သူလဲဆိုတာကို သတိရစေခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာကို ကျွန်တော် လျှော့တွက်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဟုတ်ပါတယ်။ သူက ရိန်းဂျားနဲ့ ဆုဖလားတွေ အောင်မြင်ပြီး ချန်ပီယံလိဂ်ကို ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဗီလာမှာလည်း အလားတူ သူ ရည်ရွယ်ထားလိမ့်မယ်။ နည်းနည်းတော့ အခွင့်အရေး ပိုနည်းသွားမှာပေါ့။ ပထမဆုံး တာဝန်က နောက်တန်းကို ပြင်ဆင်ပြီး ၅ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်ရမယ်။ ဒါပေမယ့် သူက ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ မထင်ဘူးဆိုရင် သူ ဗီလာကိုသွားမှ ာမဟုတ်ဘူး။

အသင်းပိုင်ရှင်တွေက သူ့အတွက် ကစားသမားတွေ ဝယ်ပေးလိမ့်မယ်ဆိုတာ သေချာတယ်။ သူက လီဗာပူးနဲ့ တွဲလုပ်ခဲ့တဲ့ စီအီးအို ပါစလိုနဲ့ ခိုင်ခိုင်မာမာ မိတ်ဖွဲ့ထားလိမ့်မယ်။ သူ့မိသားစုက သူ့ကို ပိုပြီး မြင်ရတော့မှာအတွက် ပျော်ရွှင်နေလိမ့်မယ် ထင်ပါတယ်။

သူက ဗီလာမှာပဲ သင့်တင့်ကောင်းမွန်တဲ့ စင်မြင့်တစ်ခု ရရှိလိမ့်မယ်။ အသင်းကို တိုးတက်အောင်လုပ်ဖို့ အချိန်ယူရမှာဖြစ်ပေမယ့် အီမီလီယာနို မာတီနက်၊ တိုင်ရွန်း မင်း၊ ဒေါက်ဂလပ်လုဇ်၊ ဒန်နီအင်းစ်နဲ့ အိုလီဝက်ကင်းတို့က ကောင်းမွန်တဲ့ ကျောရိုးတစ်ခု ဖြစ်စေမှာပါ။

ဘွမ်ဒီယာကိုလည်း သူသဘောကျလိမ့်မယ် ထင်ပါတယ်။ ဘွမ်ဒီယာကို ကျွန်တော် အများကြီး ကြည့်ခဲ့ပါတယ်။ သူက အမြဲတမ်း ဘောလုံးကို ရှာဖွေနေပြီး ပွဲထဲမှာ အကျိုးသက်ရောက်မှုပေးနိုင်အောင်လုပ်ဖို့ ကြိုးစားနေတတ်တယ်။ ဒါကို စတိဗ် သဘောကျမှာပါ။

ကျွန်တော့် လီဗာပူး အသင်းမှာ မန်နေဂျာဖြစ်လာမယ်လို့ ထင်တဲ့လူက ကာရေဂါပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူက ကစားသမားတိုင်းနဲ့ အသင်းအကြောင်း အရာအားလုံးကို သိခဲ့တယ်။ ဒါပေမယ့် စတိဗ်က အသင်းခေါင်းဆောင်အနေနဲ့ သူ့ရဲ့ ပြောဆိုဆက်ဆံမှု အရည်အသွေးကို တိုးတက်လာစေခဲ့တယ်။ ဘင်နီတက်က သူ့ကို ပိုပြီးဗဟိုကျတဲ့ ကွင်းလယ်ခံစစ်နေရာမှာ ကစားခိုင်းဖို့ ဝန်လေးနေပေမယ့် သူ့ရဲ့ နည်းဗျူဟာအရည်အသွေးကို ကျွန်တော် သံသယ မရှိပါဘူး။

သူက ကစားသမားတစ်ယောက်အနေနဲ့ မတူညီတဲ့ နေရာတွေများစွာမှာ ကောင်းကောင်း လုပ်ပြခဲ့တယ်။ သူ့ရဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ နည်းစနစ် အရည်အသွေးတွေတင်မက ပွဲတစ်ပွဲကို ကောင်းကောင်းဖတ်တတ်ဖို့လည်း လိုတယ်။ တချိန်လုံး ခံစစ်ချည်းပဲ ကာကွယ်နေရရင် သူ့ရဲ့ အရည်အသွေးတွေကို ဖြုန်းတီးသလို ဖြစ်ခဲ့လိမ့်မယ်။

လီဗာပူး ပထမအသင်းထဲ ပါဝင်ရဖို့ ပေါလ်အင့်စ်၊ ရက်နပ်တို့လို အင်္ဂလန်လက်ရွေးစင်တွေနဲ့ ယှဉ်ပြိုင်ရတာတောင် မျက်တောက်တချက် မခတ်တဲ့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ကို သတိရမိပါတယ်။

သူက အခုဆိုရင် ပိုပြီး ပါးနပ်တဲ့လူ၊ ပိုပြီး စွယ်စုံရတဲ့သူ ဖြစ်လာတယ်။ ဒါပေမယ့် အဲ့ဒီ့ မွေးရာပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုက ရှိနေတုန်းပဲ။ ဒါကြောင့်ပဲ ဗီလာနည်းပြအလုပ်ကို သူ တာဝန်ယူခဲ့တဲ့အပေါ် ကျွန်တော် ယုံကြည်မှုရှိတာပါ။