၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း အေးဂျင့်ကြေး သုံးစွဲမှု မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီး လီဗာပူးအသင်းဟာ အင်္ဂလန်ရဲ့ ထိပ်တန်း ငွေသုံးစွဲတဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။

လီဗာပူးအသင်းဟာ အဆိုပါ ၃ နှစ် ကာလအတွင်းမှာ လီဗာပူးက ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်တို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ ကစားသမားတွေရဲ့ အေးဂျင့်တွေကို အကျိုးဆောင်ခတွေ ပေးခဲ့ရတာဖြစ်ပါတယ်။

ဥရောပရဲ့ အေးဂျင့်ကြေး အသုံးဆုံး ကလပ်က ဒေါ့မွန်အသင်းဖြစ်ပြီး ပေါင် ၁၄၀ သန်း သုံးစွဲထားတယ်။ ဒုတိယနေရာမှာရှိနေတဲ့ လီဗာပူးက ပေါင် ၁၁၈.၇ သန်းထိ သုံးစွဲထားတာဖြစ်ပါတယ်။ တတိယနေရာမှာတော့ ဂျူဗင်တပ်က ပေါင် ၁၁၂ သန်း၊ ချယ်ဆီး ပေါင် ၁၁၀ သန်းနဲ့ မန်စီးတီး ပေါင် ၁၀၃.၃ သန်းတို့ဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေထဲမှာတော့ ကစားသမား ခေါ်ယူမှု နှုန်းထားအရ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့တွေရဲ့ ၁၅% ကို အေးဂျင့်ကြေးတွေအဖြစ် ထပ်ဆောင်း ပေးထားတာဖြစ်ကာ အနီးကပ်ဆုံးဖြစ်တဲ့ ယူနိုက်တက်ထက်တောင် ၅% မြင့်မားနေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ၃ နှစ်အတွင်း အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် ၄၃၁ သန်းထိ ရှိပေမယ့်လို့ အေးဂျင့်ကြေး ပေးချေမှုမှာ လီဗာပူးထက် နည်းပါးကာ ၉% ပဲ ပေးချေရတာဖြစ်ပါတယ်။

၂၀၂၀ ကနေ ၂၀၂၁ ခုနှစ် အတွင်းမှာလည်း လီဗာပူးက အေးဂျင့်ကြေး ပေါင် ၂၁.၆၅ သန်း သုံးစွဲထားပြီး ဒါဟာ ပရီးမီးယားလိဂ် တစ်ခုလုံးရဲ့ ၁၀% ဝန်းကျင်အထိ ရှိနေတာ ဖြစ်ပါတယ်။

အေးဂျင့်ကြေးဆိုတာဟာ ဒီနောက်ပိုင်း နှစ်တွေမှာ စတင် ကျယ်ပြန့်လာတဲ့ ကိစ္စ တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ ကစားသမားတွေကို မိမိကလပ်ထံ ခေါ်ယူဖို့အတွက် ကြားက ချိတ်ဆက်ပေးတဲ့ အေးဂျင့်တွေကို ပမာဏတစ်ရပ် ပေးရခြင်းဖြစ်တယ်။ အဆိုပါ ငွေကြေးတွေဟာ ကစားသမား ပြောင်းရွှေ့ကြေးမှာ ထည့်တွက်ခြင်း မရှိတဲ့ သီးသန့် ငွေကြေးတစ်ရပ် ဖြစ်ပါတယ်။

ဘောလုံးဆိုင်ရာ အဖွဲ့ချုပ်တွေကတော့ ရွိုင်အိုလာနဲ့ ဂျော့မန်ဒက်စ်လို နာမည်ကြီး အေးဂျင့်တွေကြောင့် အေးဂျင့်ခ ဈေးကွက်တစ်ခု ကျယ်ပြန့်လာခြင်းကို အလိုမရှိဘဲ အရေးယူဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သိထားရတာဖြစ်ပါတယ်။