ခံစစ်မှူး ကိုနတေးက သူ့ရဲ့ ပြောင်းရွှေ့ကြေးက လီဗာပူးမှာ ပွဲကစားချိန်အတွက် အာမခံချက် မရှိဘဲ နေရာရရေး လေ့ကျင့်ရေးမှာ ကြိုးစား ယှဉ်ပြိုင်ရဖို့ လိုအပ်တယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။

ကလော့ပ်ဟာ ဒီရာသီ ဗဟိုနောက်တန်းမှာ အလဲအလှယ်လုပ်နိုင်တဲ့ စီနီယာ ကစားသမား ငါးယောက်ရှိနေတာနဲ့အတူ လိုက်ဇစ်ကနေ ရောက်ရှိလာခဲ့တဲ့ ဗဟိုခံစစ် ကစားသမားလေး ကိုနတေးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ လေးပွဲပဲ ကစားရပါသေးတယ်။

လက်ရှိမှာ လီဗာပူးဟာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင်ကစားနေရပြီး ဇန်နဝါရီမှာ လေးခုမြောက်အဖြစ် အက်ဖ်အေဖလား ကစားရဦးမှာဖြစ်တာကြောင့် ကိုနတေးဟာ ဂျိုးဂိုမက်၊ မာတစ်၊ နတ်ဖီးလစ်၊ ဗန်ဒိုက်တို့နဲ့အတူ ခံစစ်မှာ နေရာရဖို့ ပြိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။

နံပါတ် ၅ ကစားသမားဟာ အန်ဖီးကို ပြောင်းရွှေ့လာကတည်းက ဒီလိုတွေ ကြုံလာရမယ်ဆိုတာ သိထားတာဖြစ်ပြီး နည်းပြရဲ့ ရွေးချယ်ခံရဖို့ အလုပ်ကြိုးစားရမယ့်အပေါ် ပျော်ပျော်ရွှင်ရွှင် လက်ခံထားတာပါ။

“ လီဗာပူးမှာ ပွဲထွက်ခွင့်ရဖို့က မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းက ကစားချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်က ငယ်ရွယ်ပြီး ကစားခွင့်ရရေး အလုပ်ကြိုးစားဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။

ကျွန်တော် ဂျာမနီမှာ ကစားခဲ့ပြီး အခု ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့အတူ ရှိနေတယ်။ လီဗာပူးကိုလာပြီးတော့ အလိုလို ပွဲထွက်ကစားခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ ကလော့ပ်ကို ကျွန်တော်သိတယ်။ သူဘာလုပ်တတ်လဲ ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်တော် အလုပ်ကြိုးစားဖို့ လိုပါတယ်။

နည်းပြရဲ့ လူစာရင်းမှာ ရွေးချယ်ခံရဖို့ ကျွန်တော် ကြိုးစားသွားမှာပါ။ အရာအားလုံးက အဆင်ပြေပါတယ်။ စိန်ခေါ်မှုကို ကျွန်တော် သဘောကျတယ်။ ပရီးမီးယားလိဂ်က ဂျာမန်နဲ့ မတူပါဘူး။ ပြင်းပြမှု ကွာခြားတယ်။ ဒီမှာ ကစားသမားကောင်းတွေ အများကြီးရှိတယ်။ ဒါက မလွယ်ကူပေမယ့် ကျွန်တော်တို့က အဲ့အတွက် ဘောလုံးကစားကြတာပါ” လို့ ကိုနတေးက ပြောပါတယ်။

ပြင်သစ်နောက်ခံလူဟာ အနာဂတ်ကို အဝေးကြီး လှမ်းမကြည့်တတ်ပေမယ့် လက်ရှိ အသင်းဟာ ဒီရာသီ ဆုဖလားရည်မှန်းဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ယုံကြည်နေတာပါ။

“ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ဘယ်သူက ရည်မှန်းချက်မရှိပဲ နေမှာလဲ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့တွေ တစ်ပွဲချင်းစီပဲ အာရုံစိုက်ဖို့လိုတယ် ထင်ပါတယ်။

ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေမှာ ပွဲတွေအများကြီး ကစားရမယ်။ ဒါပေမယ့် ဒီအသင်းနဲ့အတူ ဒီရာသီမှာ ကြီးမားတဲ့ အရာတစ်ခုခုကို အောင်မြင်နိုင်တယ်လို့ ထင်ပါတယ်။ နှစ်ခုလုံး အောင်မြင်ဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။