လီဗာပူးဂန္တဝင် ဇာဗီအလွန်ဆိုက သူ့ဘဝမှာ ထိပ်တန်းအသင်းတစ်သင်းကို နည်းပြဖို့ ရည်မှန်းထားတဲ့အကြောင်း ဖွင့်ဟခဲ့ပေမယ့် အလျင်စလို ကိုင်တွယ်ဖို့တော့ လုပ်ဆောင်သွားဖို့ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကစားသမားဘဝအတွင်း လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် စပိန်သားဟာ ဥရောပ ထိပ်တန်းအဆင့်နဲ့ မစိမ်းပါဘူး။ ကွင်းလယ်လူဟောင်းဟာ လက်ရှိမှာ ရီးရဲလ်ဆိုစီဒက် ဘီအသင်းရဲ့ လူငယ်နည်းပြအနေနဲ့ မွေးရပ်မြေမှာ လုပ်ကိုင်နေတာပါ။

အလွန်ဆိုဟာ မနှစ်က ရာသီမှာ နည်းပြနေရာလွတ်နေခဲ့တဲ့ မိုချင်ဂလာဘတ်နဲ့ စကားပြောဆိုခဲ့ပြီး တခြားထိပ်သီးကလပ်တွေနဲ့လည်း မကြာခဏ ချိတ်ဆက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ထိပ်တန်းကလပ်တစ်ခုအတွက် လက်ရှိ ရီးရဲလ်ဆိုစီဒက်က သူ့နေရာကို စွန့်ခွာဖို့ အလျင်စမလို ဖြစ်မနေဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် နောက်အဆင့်တွေတက်ဖို့ ကြိုးပမ်းသွားမှာပါ။ ဒီအတွက် တွန်းအားပေးခံမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ထိပ်တန်းအသင်းတစ်သင်းကို နည်းပြဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါပေမယ့် အလျင်စလို ဖြစ်မနေပါဘူး။

အခု ရှိနေတဲ့နေရာမှာ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်။ အခုချိန်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဒီနှစ် ဆီဂန်ဒါမှာ ကျွန်တော်တို့ရဲ့ နေရာကို ဆက်ထိန်းသိမ်းထားဖို့ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်ဆိုစီဒက်ရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး လီဗာပူးကို မပြောင်းခင် ဆိုစီဒက် အသင်းကြီးမှာ ၄ နှစ် ကစားခဲ့တာပါ။ ကစားသမားဘဝကို အနားယူခဲ့ပြီးနောက် အလွန်ဆိုဟာ နောက်နှစ်မှာ ရီးရဲလ်မက်ဒရစ် ယူ ၁၄ အသင်းကို နည်းပြတာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ မှာ ဆိုစီဒက်ထံ ပြန်လာခဲ့ပြီး ‘အိမ်ကို ပြန်လာဖို့ အခိုက်အတန့်တစ်ခုက အမြဲတမ်းရှိပါတယ်’လို့ ရှင်းပြခဲ့ပါတယ်။

“နှစ်များစွာ ဝေးကွာနေခဲ့ပြီးနောက် အိမ်ကိုပြန်လာဖို့ အချိန်တစ်ခုက အမြဲတမ်းရှိပါတယ်။ ကျွန်တော် ဘဝသစ်တစ်ခုကို စတင်ခဲ့တယ်။ ကျွန်တော် ဒီနေရာမှာ သင်ယူဖို့၊ စိတ်ရှည်သည်းခံဖို့နဲ့ လူများစွာဆီက ထောက်ခံမှုတွေ ရရှိမယ်ဆိုတာ သိခဲ့ပါတယ်။ ထောက်ခံမှု၊ အထောက်အပံ့တွေ၊ ဆက်သွယ်မှုတွေနဲ့အတူ ဒီမှာ သိပ်ကို ရှင်းလင်းတဲ့ ပုံစံတစ်ခုရှိတယ်။ ဒါက အရမ်းသဘာဝကျပြီး ပြေပြစ်မှုရှိတယ်။

ဒီလုပ်ငန်းစဉ်က ကိုယ်ဘာသာ သိဖို့၊ မှားနေတဲ့ အရာတွေကို အမှန်ပြင်ဖို့ အကူအညီပေးနေပါတယ်။ သင်ယူရမယ့်အပိုင်းတွေ ရှိပါသေးတယ်။ ကစားသမားတွေကလည်း ကျွန်တော့်ကို အများကြီး သင်ပေးပါတယ်။ လေ့ကျင့်ဖို့၊ ကစားဖို့၊ ဆက်သွယ်ပြောဆိုရှင်းပြဖို့ လိုအပ်တာတွေပေါ့။ ဒါက ကျွန်တော့်ရဲ့ တတိယရာသီပါ။ အားလုံး အဆင်ပြေနေပါတယ်”လို့ အလွန်ဆိုက ပြောပါတယ်။

အလွန်ဆိုဟာ လူငယ်ကြယ်ပွင့်တွေကို အသင်းကြီးဆီ တိုးတက်လာစေခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးလောကအတွက် သူ့ရဲ့ ပါရမီရှင် လူငယ်ကလေးတွေကို ကူညီပျိုးထောင်ပေးဖို့ အရေးကြီးတယ်ဆိုတာကို သိနားလည်ထားတာပါ။

“ အကယ်ဒမီက ကလေးတစ်ယောက်က သိပ်ကောင်းတဲ့ အယူအဆတွေကို သင်ယူခဲ့ပြီးတော့ ကျွန်တော့်ဆီ ရောက်ရှိလာတယ်။ ပြီးတော့ ဒါက သူတို့ကို ပရော်ဖက်ရှင်နယ်တွေဖြစ်အောင် ပြင်ဆင်ပေးဖို့ သိပ်ကိုအရေးကြီးတဲ့ နောက်ဆုံးအဆင့်ပါ။

ပရော်ဖက်ရှင်နယ် ဘောလုံးလောကက၊ ပြိုင်ပွဲတွေ၊ လေ့ကျင့်ရေးတွေက ဘယ်လိုလဲဆိုတာ သူတို့ကို သိစေချင်ပြီး သူတို့ လုပ်ဖို့လိုတဲ့ အလေ့အကျင့်တွေကို ကျွန်တော်တို့ သင်ကြားပေးတယ်။ ဒါက ကျွန်တော်တို့ရဲ့ လမ်းကြောင်းပါပဲ။

ကျွန်တော်တို့က သူတို့ကို ပထမအသင်းအတွက် အဆင်သင့်ဖြစ်အောင် မှန်မှန်ကန်ကန် လမ်းကြောင်းပေးရတာပါ”လို့ အလွန်ဆိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။