နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတချို့ ရှိခဲ့ပေမယ့် အခုချိန်ထိ ပြိုင်ပွဲစုံ နေရာကောင်းတွေမှာ ရှိနေသေးခြင်းကြောင့် အန်ဖီးမှာတော့ အားလုံး အဆင်ပြေနေပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားအတွက် အားကောင်းတဲ့ စိန်ခေါ်သူတွေဖြစ်နေပြီး လိဂ်ဖလားမှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ဒဏ်ရာအရေးပေါ်ကိစ္စတွေ ဖြစ်လာတာနဲ့အတူ ဒီတစ်ကြိမ်မှာတော့ ကွင်းလယ်က ပြဿနာတွေရှိလာနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အင်အားဖြည့်တင်းမှုတချို့ ပြုလုပ်ရနိုင်ဖွယ် ရှိပါတယ်။

အပြောင်းအရွှေ့ကာလက အာဖရိက နေးရှင်းဖလားနဲ့ တိုက်နေတာကြောင့် လီဗာပူးဟာ ကိတ်တာ၊ မာနေး၊ ဆာလာတို့မပါပဲ အချိန်အကြာကြီး ကစားရမှာဖြစ်တယ်။ ဗန်ဒိုက်ရဲ့ နာမည်ကျော် ရာသီဝက် အပြောင်းအရွှေ့က ကလော့ပ်ရဲ့အသင်းကို လအနည်းငယ်အတွင်း ထိပ်တန်းအဆင့် ရောက်ရှိလာစေခဲ့တာကြောင့် ဇန်နဝါရီမှာ ဘယ်လိုကောင်းကောင်းလုပ်ရမလဲဆိုတာ သူများတွေထက် လီဗာပူးက ပိုသိပါတယ်။

တိတ်ဆိတ်နေခဲ့တဲ့ နွေကာလအပြီး ဆောင်းရာသီဈေးကွက်မှာ လူသစ်တွေ ခေါ်ယူမှာမျိုးကို ပရိသတ်တွေဘက်ကလည်း စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။ လက်တလော လီဗာပူးနဲ့ သတင်းကြီးထားတဲ့ ဇန်နဝါရီကာလမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့ ကိစ္စအချို့ကို ဖော်ပြပေးသွားမှာပါ။

ဖရန့် ကက်ဆီ

ပရီးမီးယားလိဂ်နဲ့ အံကိုက်ဖြစ်တဲ့ ကြံ့ခိုင်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အိုင်ဗရီကိုစ့်နဲ့ အေစီမီလန် ကွင်းလယ်လူဟာ လွန်ခဲ့တဲ့ နှစ်ရာသီအတွင်း ပီအိုလီရဲ့ အသင်းအတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး မနှစ်က စီးရီးအေ ၁၃ ဂိုး သွင်းယူခဲ့တာပါ။ ၁၁ ဂိုးက ပင်နယ်တီက ရရှိခဲ့တာဖြစ်ပေမယ့် ဆန်စီရိုမှာ ကက်ဆီရဲ့ အရေးပါမှုက ပုံကြီးချဲ့စရာ မလိုပါဘူး။

ရာသီကုန်ရင် စီးရီးအေကလပ်နဲ့ စာချုပ်ကုန်မှာဖြစ်လို့ ဇန်နဝါရီမှာ ထိပ်တန်းအသင်းတွေရဲ့ ချိတ်ဆက်မှုကို ခံရမယ့်သူပါ။ သူ့ကို ခေါ်ယူရင်တောင် ကလပ်အဆင့်မှာ ပွဲထွက်ပေးနိုင်ဖို့ အာဖရိကနေးရှင်းဖလား ပြီးတဲ့အထိ စောင့်ရဦးမှာဖြစ်ပေမယ့် တိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့ ကွင်းလယ်လူဟာ ဖာဘင်ညို ဒါမှမဟုတ် ဂျော်ဒန်ဟန်ဒါဆန်အတွက် ရေရှည်အစားထိုးစရာ ဖြစ်နိုင်ပါတယ်။

မစ်ကယ် မာရီနို

လွန်ခဲ့တဲ့ ၂ နှစ်ခွဲက ဆိုစီဒက်ကို ရောက်လာပြီးကတည်းက သူဟာ လာလီဂါမှာ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက် ဖြစ်လာခဲ့တာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ်ပြင်ပက ကွင်းလယ်လူတွေကို စောင့်ကြည့်နေတယ်လို့ သတင်းကျယ်ပြန့်ထားသလို မာရီနိုကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေလည်း ရှိထားဖူးတယ်။ စပိန်ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ တစ်နှစ်ခွဲလောက် ကျင်လည်ခဲ့ဖူးတာကလည်း လီဗာပူးဘက်က သူ့ကို သဘောကျတဲ့ အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။

ဟန်ဒါဆန်၊ အယ်ကန်တာရာ၊ နာဘီကီတာ၊ ဂျိမ်းစ်မီနာ၊ အဲလီယော့၊ ကာတစ်ဂျုံးစ်တို့အားလုံး ဩဂုတ်လကတည်းက ဒဏ်ရာရ ကွင်းလယ်လူစာရင်းထဲ ပါဝင်ဖူးခဲ့ကြတာတာနဲ့အတူ ဇန်နဝါရီမှာ ကွင်းလယ်လူတစ်ယောက် ခေါ်ယူဖို့က လီဗာပူးအတွက် တကယ်ကို လိုအပ်နေတာပါ။ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၁.၄ သန်း ရှိပေမယ့် ဆိုစီဒက်က ပိုနည်းပါးတဲ့ ပမာဏကို လက်ခံနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ကာရင် အာဒယ်ရယ်မီ

နောက်ရာသီမှာ လီဗာပူး အဓိက တိုက်စစ်သုံးယောက်တန်း တစ်ခုလုံးက အသက် ၃၀တန်း ရောက်နေမှာဖြစ်တာကြောင့် ကလပ်အနေနဲ့ အချိန်မလွန်ခင် တိုက်စစ်ပိုင်းကို အားထပ်ဖြည့်ဖို့ စိတ်အားထက်သန်နေမှာပါ။ အဓိက တိုက်စစ်သမားတွေက လီဗာပူးမှာ စာချုပ် သိပ်မကျန်တော့သလို အာဖရိကဖလားပွဲအတွက် မာနေးနဲ့ ဆာလာကို လက်လွတ်ရဦးမှာဖြစ်တယ်။

ဒါကြောင့် လီဗာပူးက ဇန်နဝါရီမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ လိုအပ်နေပါတယ်။ လူငယ် ဂျာမန်တိုက်စစ်မှူး အာဒယ်ရယ်မီကို အန်ဖီးကလပ်နည်းတူ ပီအက်စ်ဂျီ၊ ဒေါ့မွန်နဲ့ ဘာကာတို့ကလည်း စိတ်ဝင်စားနေတယ်။ ဒီရာသီ ဆဲလ်ဘက်အတွက် ၂၂ ပွဲမှာ ၁၅ ဂိုး သွင်းယူခဲ့တဲ့ ၁၉ နှစ်အရွယ် ကစားသမားဟာ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတယ်။

လျင်မြန်ပြီး ပြတ်သားတဲ့ ကန်သွင်းသူတစ်ယောက် ဖြစ်သလို တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်းကြောင့် သူဟာ လီဗာပူး ရှာဖွေနေတဲ့ အရည်အချင်းနဲ့ အံကိုက်ပါပဲ။

ဂျာရော့ဒ် ဘိုဝမ်

ပြီးခဲ့တဲ့ပွဲအတွင်း ရင်ဆိုင်ကစားခဲ့ရစဉ်မှာ လီဗာပူးကို ဒုက္ခပေးခဲ့တဲ့ ဝက်စ်ဟမ်း ကြယ်ပွင့် ဘိုဝမ်ဟာ လန်ဒန်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး ဖန်တီးပေးခဲ့တာပါ။ သူဟာ ဒီနှစ်ဘက်နှစ်တွေမှာ မိုယက်စ်လက်အောက် ဝက်စ်ဟမ်းရဲ့ အောင်မြင်တိုးတက်လာမှုနဲ့အတူ ထွန်းတောက်လာနေတဲ့ ကစားသမားဖြစ်ပါတယ်။ လန်ဒန်ကလပ်နဲ့ စာချုပ်သစ် ရထားပြီးဖြစ်လို့ ဇန်နဝါရီမှာ သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးကြီး တစ်ရပ်ကို ပေးရမှာ ဖြစ်ပါတယ်။