မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီအတွက် ကြီးမားတဲ့ အပြောင်းအရွေ့ တစ်ခုကတော့ ဖြစ်မြောက်လာပါတော့မယ်။ ကစားသမား ခေါ်ယူမှုထက် ကစားသမား ရှင်းထုတ်မှုလည်း ဖြစ်လာမှာဖြစ်တယ်။

ပြီးခဲ့တဲ့ရာသီက မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ မန်ယူဟာ အသင်းကို အကြီးအကျယ် ပြန်တည်ဆောက်ပါတော့မယ်။ အသင်းကို အကျိုးမပြုနိုင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးစားနေပြီး ကစားသမားသစ်တွေ အားဖြည့်ဖို့လည်း ကြိုးစားနေပါတယ်။

မကြာသေးမီက အီတလီသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ကလပ်ရဲ့ တိုက်စစ်မှူး လူကာကူဟာ အသင်းပြောင်းရွေ့ဖို့ သေချာနေပြီလို့ သိရှိရတာပါ။ အီတလီကလပ် အင်တာမီလန်အသင်းဟာ လူကာကူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။

ယခုအချိန်မှာ ကလပ်အသင်းတွေဟာ သူ့ရဲ့ ပြောင်းရွေ့ကြေးအတွက် ညှိနှိုင်းနေကြပါပြီ။ ခန့်မှန်းချက်တွေအရတော့ သူ့ရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင် (၆၂) သန်း ပမာဏခန့် ရှိမယ်လို့ သိရပါတယ်။ မန်ယူ အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူးကို အဆိုပါ ပမာဏလောက်နဲ့ အနည်းငယ် အရှုံးခံပြီး ရောင်းချသွားဖို့ နီးစပ်နေတာပါ။

မန်ယူဟာ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတော့ လူကာကူကို အဲဗာတန်ကနေ ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့ရတာပါ။ ဒါပေမယ့် သူဟာ အသင်းကို ရောက်စလောက်မှာပဲ ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ရုန်းကန်နေခဲ့ရပါတယ်။ နည်းပြ ဆိုးရှားလက်ထက်မှာတော့ သူဟာ လူငယ်တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ရဲ့နောက် အရန်တိုက်စစ်မှူးအဖြစ်သာ နေရာရခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ သူ့ကို တစ်နှစ်လုပ်ခ ယူရို (၇.၅) သန်း အပြင် အပိုဆုကြေးတွေနဲ့ သဘောတူညီမှု ရခဲ့တာပါ။ သူ့ရဲ့ အပြောင်းအရွေ့ အမှန်တကယ် ဖြစ်ပေါ်လာရင်လည်း အသင်းပရိတ်သတ်တွေကတော့ ဝမ်းနည်းကြဖွယ် မရှိပါဘူး။

မန်ယူဟာ လူကာကူထပ် လူငယ်တိုက်စစ်မှူး ရက်ဖိုဒ့်ကို ပိုမိုနေရာပေးလိုနေတာပါ။ ဒါကြောင့် အသက် (၂၆) နှစ်အရွယ် ဘယ်ဂျီယံတိုက်စစ်မှူးဟာ ပြောင်းရွေ့ကြေး ပေါင် (၆၂) သန်းနဲ့ အီတလီမြေမှာ ခြေချဖို့ သေချာနေပါပြီ။