စနေနေ့ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် ဗီလာနည်းပြဘဝ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ နည်းပြဂျရတ်က ဗီလာအသင်း နည်းပြတာဝန်ကို ယူခဲ့ရတာက ဂုဏ်ယူစရာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ပရီးမီးယားလိဂ်မှာ နည်းပြဖြစ်ရတဲ့အတွက် အရမ်းကို ကျေနပ်မိတယ်လို့ ဆိုပါတယ်။

နည်းပြဟောင်း ဒင်းစမစ်ဟာ ၅ ပွဲဆက် ရှုံးပြီး ထုတ်ပယ်ခံခဲ့ရတာနဲ့အတူ ဂျရတ်ရဲ့ ပထမဆုံးတာဝန်က ကလပ်ရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကို ပြောင်းပြန်လှန်ပစ်ဖို့ဖြစ်ပြီး လက်ရှိမှာ ဗီလာဟာ တန်းဆင်းဇုန်အထက် ၂ မှတ်သာ ကွာဟနေတာပါ။

ပဲလေ့စ် (နိုဝင်ဘာ ၂၇)၊ မန်စီးတီး (ဒီဇင်ဘာ ၁)၊ လက်စတာ (ဒီဇင်ဘာ ၅) ပွဲတွေပြီးရင် လီဗာပူးဂန္တဝင်ဟာ ဒီဇင်ဘာ ၁၁ မှာ ယာဂင်ကလော့ပ်ရဲ့အသင်းနဲ့ အန်ဖီးမှာ ရင်ဆိုင်ရမှာ ဖြစ်တယ်။ ပွဲကြိုမှာပဲ ဂျရတ်က အသင်းဟောင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေ ရေးသားလို့ကောင်းအောင် မေးခွန်းထုတ်မှုတွေကို အသံတိတ်စေခဲ့တာဖြစ်ပါတယ်။

စတီဗင်ဂျရတ်ကတော့ “ ဒီသတင်းစာရှင်းလင်းပွဲက အက်စတွန်ဗီလာ အကြောင်းကလွဲရင် လီဗာပူးလို တခြားကလပ်တွေအကြောင်း မပြောသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ဗီလာအပေါ် လေးစားမှုကို ပြသရမယ်လို့ ထင်ပါတယ်။

လီဗာပူးက ကျွန်တော့်အတွက် ဘလိုအဓိပ္ပါယ်ရှိလဲဆိုတာ တကမ္ဘာလုံးက လူတိုင်းက သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော် ဗီလာအတွက်ပဲ အာရုံစိုက်ထားတယ်ဆိုတာ ပရိသတ်တွေကို ကတိပေးနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်က ဒီလို ကလပ်ရဲ့ နည်းပြဖြစ်လာတာ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ နောက်ဆုံး တစ်ပတ်၊ ဆယ်ရက်က မြန်မြန်ဆန်ဆန် ကုန်သွားခဲ့ပေမယ့် ကျွန်တော့်အတွက် တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လာပြီး မိသားစုနဲ့အတူ နီးနီးကပ်ကပ်နေရတဲ့ အခွင့်အရေးကြောင့် ဒါက ကျွန်တော့်အတွက် မှန်ကန်တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ် ” လို့ ဖြေဆိုခဲ့ပါတယ်။

၁၉၈၁-၈၂ ဥရောပဖလားနဲ့ နောတစ်နှစ်မှာ စူပါဖလားဆုရှင်ဖြစ်ခဲ့တဲ့ ဗီလာဟာ ၂၀၀၉ ခုနှစ်က မာတင်အိုနေးလ် လက်အောက်မှာ နောက်ဆုံးအကြိမ် ဥရောပဖလား ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

လိဂ်မှာ အဆင့်တက်ဖို့က ပထမဦးစားပေးဖြစ်ပေမယ့် အနာဂတ်မှာ ဗီလာအသင်းနဲ့အတူ ဥရောပအဆင့်မှာလည်း ရည်မှန်းချက်တွေ ထားရှိတဲ့အကြောင်း ဂျရတ်က ပြောပြခဲ့ပါတယ်။

“ ဘောလုံးလောက အောင်မြင်မှုဆိုတာက ပထမဆုံးအနေနဲ့ ပွဲတွေ အနိုင်ရဖို့ပါပဲ။ ရေရှည်အတွက်တော့ ဥရောပအဆင့်ကို ပြန်ရောက်နိုင်ဖို့လို့ ထင်ပါတယ်။ အခုချိန်မှာ ဘယ်တော့ဖြစ်လာမလဲဆိုတဲ့ အချိန်တိတိကျကျ ပြောလို့မရသေးဘူး။ ဒါပေမယ့် အခုတစ်ပတ် ဘရိုက်တန်နဲ့ ရေတိုပွဲအတွက် ပိုပြီး အာရုံစိုက်ထားရမယ်။ ပြီးတော့မှ နိုင်ပွဲတွေ ထပ်ယူပြီး အဆင့်တက်နိုင်အောင် ကြိုးစားရမှာပါ”လို့ ဂျရတ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။