လီဗာပူးမှာ မန်နေဂျာကလော့ပ်ရဲ့ စာချုပ်က ၂၀၂၄ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်မှာပါ။ စာချုပ်ကုန်တဲ့အထိ လီဗာပူးမှာ ဆက်ရှိနေမယ်ဆိုရင် ကလော့ပ်ဟာ လီဗာပူးအသင်းကို ၉ နှစ်ဝန်းကျင် ကိုင်တွယ်ခြင်း ဖြစ်လာမှာပါ။

အာဆင်နယ်ပွဲကြိုမှာတော့ သတင်းသမားတွေက ကလော့ပ်ကို ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ ဘာဖြစ်လာမလဲလို့ မေးခွန်းထုတ်ခဲ့ကြတယ်။

ကလော့ပ်က ” ဒီအခြေအနေမှာ အဲ့လို အကြောင်းအရာတွေကို ကျနော် မစဉ်းစားပါဘူး။ ကျနေ်ာတို့က ဒီရာသီရဲ့ ဘောလုံးရာသီ အလယ်လောက်မှာ ရှိနေတာပါ။ လက်ရှိ အနေအထားအပေါ်မှာပဲ ကျနော် အာရုံစိုက်နေပါတယ်။

ဒါပေမယ့် စာချုပ်ကိစ္စအကြောင်းကို ကျနော် မကြာခဏ ပြောဖူးပါတယ်။ အခြား ဘယ်မန်နေဂျာကမှ နောက်လာမယ့် နှစ်နှစ်ခွဲတို့၊ သုံးနှစ်၊ လေးနှစ်တို့မှာ ဘာလုပ်ကြမလဲလို့ အမေးမခံရဘူး။ သူတို့ ဘာလုပ်ကြမယ်ဆိုတာကို ကျနော်လည်း မသိဘူး။ ခင်ဗျားတို့ မမေးခင်ထိ အဲ့ကိစ္စကို ကျနော်လည်း မစဉ်းစားပါဘူး။ မေးလာတော့လည်း မစဉ်းစားချင်ဘူးလို့ပဲ ဖြေရပါလိမ့်မယ်။

အခြေအနေက အားလုံး အဆင်ပြေပါတယ်။ ပြီးချိန်တန်ရင်လည်း ပြီးသွားမှာပါပဲ ဒါပေမယ့် အဲ့အချိန်ကို ရောက်လာဖို့က အဝေးကြီး လိုပါသေးတယ်။ ဒီတော့ လက်ရှိကိုပဲ အာရုံစိုက်ရအောင်ပါ ” လို့ တုန့်ပြန်သွားပါတယ်။

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ကို အင်္ဂလန်ဘောလုံးလောကမှာ လစာအမြင့်မားဆုံး နည်းပြတွေထဲက တစ်ယောက် တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်း တန်ကြေးရှိ စာချုပ်ကို ချုပ်ဆိုထားတာဖြစ်တယ်။

ကလော့ပ်နောက်ပိုင်းမှာ စတီဗင်ဂျရတ်ကို မန်နေဂျာအဖြစ် တာဝန်ပေးမယ်လို့ သတင်းကြီးထားပြီး ဂျရတ်က ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ချိန်မှာ စာချုပ်ကုန်ရင် ဘာလုပ်မလဲလို့ မေးလာကြတာပဲ ဖြစ်ပါတယ်။