မန်စီးတီးရဲ့ ရာသီကြို အစောပိုင်း အစီအစဉ်တချို့မှာ ကိုပါ အမေရိကဖလား သွားရောက် ကစားရမယ့် အဂွယ်ရို၊ ဖာနန်ဒင်ဟို၊ အီဒါဆန်၊ ဂျီဆု၊ အော်တာမန်ဒီတို့ ပျက်ကွက်ဖွယ် ရှိပြီး အာဖရိကဖလားမှာ အယ်လ်ဂျီးရီးယားအသင်းအတွက် ကစားမယ့် မာရက်ဇ်လည်း ပါဝင်နိုင်ဖွယ် မရှိပါဘူး။

အင်္ဂလန်ခံစစ်မှူး မက်ဂွဲရားက မန်စီးတီးတို့ထံက စိတ်ဝင်စားမှုတွေ ရနေပေမယ့်လည်း သူဟာ လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်ဆိုပြီး အပြောင်းအရွှေ့ ကိစ္စတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်လိုက်ပါတယ်။

မန်စီးတီးအသင်း ဥက္ကဌ အလ်မူဘာရက်ခ်က အသင်းခေါင်းဆောင် ၀ါရင့်ခံစစ်မှူးကြီး ကွန်ပနီဟာ မန်စီးတီး အသင်းရဲ့ မိသားစုဝင် တစ်ယောက် အဖြစ် အမြဲရှိနေမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီး ပစ်မှတ်ထားနေတဲ့ ရီးရဲလ်ဘက်တစ် ကွင်းလယ်ကစားသမား ဂျီယိုဗန်နီ လိုဆယ်လိုကို စပါးအသင်းက ပေါင် ၅၃ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ပယ်ချခံခဲ့ရပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ရိုက်က မန်စီးတီးရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပေမယ့် ဒီနွေမှာ ဝက်ဟမ်းကနေ ထွက်မှာမဟုတ်ဘူးလို့ သူ့ ဆုံးဖြတ်ချက်ကို ပြောခဲ့ပါတယ်။ “ ကျနော်ကို ချိတ်ဆက်နေတဲ့ အသင်းတွေရှိတယ်ဆိုတာ နားလည်ထားပါတယ်။ ဒါပေမယ့် မနှစ်ကမှ ကျနော် ဝက်ဟမ်းနဲ့ 5 နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်တယ်။ ဒီတော့ ကျနော် ဝက်ဟမ်းအတွက် ကစားပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ”

မန်စီးတီးအသင်းရဲ့ ပစ်မှတ်ကစားသမား ဘင်ဖီကာတောင်ပံ ဂျာအို ဖိလစ်ကို ဂရစ္စမန်းနေရာ အစားထိုးဖို့ အက်သလက်တီကိုကလည်း ဦးစားပေးပစ်မှတ် အဖြစ် သတ်မှတ်လာပါတယ်။

မန်စီးတီးကတော့ လိုဆယ်လိုကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး အာဂျင်တီနားသားကို တရားဝင် ကမ်းလှမ်းမှု မလုပ်ခင် ကိုပါအမေရိက ဖလားက ခြေစွမ်းကို လေ့လာဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းကို စပါးအပြင် အက်သလက်တီကို ကလည်း ခေါ်ယူလိုနေပါတယ်။

ဥရောပတခွင် ကမ္ဘာ့တန်ကြေး အမြင့်ဆုံးအသင်း နေရာမှာ မန်စီးတီးက အဆင့် ၅ နေရာကို တက်ရောက်လာပါတယ်။ ဒီစာရင်းဟာ အသင်းရဲ့ နာမည်ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရုပ်သံထုတ်လွှင့်မှု၊ ကွင်းတန်ကြေး၊ အလားအလာကောင်းများ အပေါ် မူတည်တွက်ချက်ခြင်း ဖြစ်ပါတယ်။