လီဗာပူးအသင်းဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး မာနေး၊ ဂျိုတာ၊ ဆာလာ၊ မီနာမီနိုတို့ရဲ့ သွင်းဂိုးတို့ဖြင့် ဂိုးပြတ် အနိုင်ရကာ လိဂ်မှာ ရမှတ်တွေ ထိခိုက်နေမှုကို ပြန်ဆယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ဘယ်အစွန်လူ ရိုဘိုနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ မပါနိုင်ခဲ့ဘဲ ကိုစတက်နဲ့ သီယာဂိုတို့ ဝင်ကစားခဲ့ကြတာဖြစ်တယ်။ တောင့်တင်းတဲ့ ပွဲထွက် လူစာရင်းကို ထုတ်သုံးနိုင်ခဲ့ပေမယ့် အရန်စာရင်းမှာတော့ ဟန်ဒါဆန်၊ မီနာမီနိုကလွဲရင် အခြား အသင်းသားတွေက အကယ်ဒမီထွက် ကစားသမားတွေဖြစ်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

လီဗာပူးဟာ ပွဲစတည်းက အာရုံစိုက်မှု ကောင်းကောင်းဖြင့် စတင်နိုင်ခဲ့တယ်။ နိုင်ငံတကာသီတင်းပတ်က ပြန်လာခြင်းဖြစ်ပေမယ့် ကြီး ၆ ကြီး ပြိုင်ဘက်တစ်သင်းဖြစ်သလို ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် အရေးမနိမ့်ထားတဲ့ အာဆင်နယ်ကို ရင်ဆိုင်ကစားချိန်မှာ အာရုံစိုက်မှု မရှိရင် ခံသွားရမယ်ဆိုတာကို အသင်းသားတွေ နားလည်ခဲ့တယ်။

ဒါတောင်မှ ပထမပိုင်းမှာ ချိန်ဘာလိန်ရဲ့ ပေါက်ကွဲမှုရှိရှိ ကစားဟန်နဲ့ သီယာဂိုရဲ့ အတိုပေးတွေဟာ အသင်းလိုက်မှာ အံ့နည်းနည်းချော်နေခဲ့တာကြောင့် ကောင်တာ ပြန်ခွင့်ပြုရခါနီး အကြိမ်တွေ ရှိခဲ့ပြီး ဖာဘင်ညို၊ မာတစ်၊ ဗန်ဒိုက်တို့ နေရာယူကောင်း ရှင်းထုတ်မှုကောင်းတွေဖြင့် ခံစစ်ကို မရောက်အောင် ကာကွယ်ထားပေးရတာ ဖြစ်ပါတယ်။

မာနေးနဲ့ အာဆင်နယ် အစွန်လူတို့ ဘောလုံးရှင်တိုက်ရင်း မတော်တဆ ထိခိုက်မှုမှာ ကလော့ပ်က မာနေးကို အာဆင်နယ်ဘက်က ထမ်းထားတယ်လို့ မြင်ပြီး အာတီတာက သူ့ကစားသမားကို မာနေးက ဖိချတယ်လို့ မြင်ကြခြင်းကနေ ရန်ပွဲထဖြစ်ခဲ့ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွဲတွင်း တိုက်ခိုက်မှုဖြစ်ပေမယ့် အဆိုပါဖြစ်ရပ်ကပဲ အန်ဖီးကွင်းနဲ့ လီဗာပူး ကစားသမားတွေကို သွေးပူစေခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးရဲ့ ကာကွယ်ပုံတွေ ကောင်းမွန်ပေမယ့်လို့ တည်ကန်ဘောက ရတဲ့ အခွင့်အရေးကို ထရန့်က မတင်ပေးခဲ့ပြီး မာနေးက ပိတ်သွင်းကာ အဖွင့်ဂိုး ရယူခဲ့တယ်။ တိုက်စစ်က အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့်လို့ အာဆင်နယ် ဂိုးသမား အတော်လေး ကောင်းနေတာကြောင့် ပထမပိုင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်ပဲ ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးကပဲ ထိန်းချုပ်ခဲ့ပြီး ပထမပိုင်းက ဟာကွက်ရှိခဲ့တဲ့ ချိန်ဘာလိန်နဲ့ သီယာဂိုတို့ထက အမှားတွေ မမြင်ရဘဲ ကောင်းကွက်တွေ ပိုထွက်လာခြင်းနဲ့အတူ ကစားပုံက ပိုမို သေသပ် ထိရောက်လာခဲ့တယ်။

ဒုတိယဂိုးကတော့ အာဆင်နယ်ရဲ့ အမှားကနေ ဂျိုတာက ဧရိယာထဲမှာ ဘမ်ဝိုက်နဲ့ ဂိုးသမားကို လှိမ်ခေါက် သွင်းယူခဲ့ခြင်းဖြစ်တယ်။ နောက်တစ်ကြိမ် ဆာလာ ဖန်တီပေးမှု ကောင်းပေမယ့် ဂိုးသမား ပုပ်ထုတ်သွားခဲ့ပါတယ်။ ဆာလာရဲ့ ဂိုးကတော့ ကောင်းမွန်တဲ့ အသင်းလိုက် ဖန်တီးပေးမှုကနေ မာနေးရဲ့ နောက်ဆုံး ပေးချက်ကို ပိတ်သွင်းခဲ့တာပါ။

ဂျိုတာနေရာ လူစားဝင်လာတဲ့ မီနာမီနိုကလည်း ကွင်းထဲ ဝင်လာပြီး ၄၈ စက္ကန့်အတွင်း ပထမဆုံး ထိချက်ကနေ သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ ချိန်ဘာလိန်အစား ဟန်ဒို၊ သီယာဂိုအစား မော်တန်ရဲ့ ပရီးမီးယားလိဂ် ပွဲထွက်မှုတွေကို မြင်ခဲ့ရကာ ပွဲပြီးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရပေမယ့် အသင်းဟာ လိဂ်ဦးဆောင်သူ ချယ်ဆီး အသင်းနဲ့ ၄ မှတ် ကွာဟနေဆဲဖြစ်ကာ ပိုကောင်းမွန်တဲ့ စိန်ခေါ်သူဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်နေဦးမှာဖြစ်သလို လာမယ့်ပွဲတွေမှာ ဒီကနေ့ပွဲမှာ ပြသခဲ့တဲ့ တိုက်ခိုက်လိုစိတ်၊ အနိုင်ရလိုစိတ်နဲ့ အသင်းလိုက် ညီညွှတ်မှုတွေကို ပြသဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။လ