ထရန့်ရဲ့ ဖန်တီးနိုင်စွမ်း

ပွဲတစ်ပွဲပြီးရင် ထရန့်က လီဗာပူးအသင်းသားတွေထဲမှာ ဘောလုံးထိချက် အများဆုံး ကစားသမား စာရင်းဝင်လေ့ရှိပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ ကစားသမား ၃ ယောက်က ထရန့်ထက် ဘောလုံးထိချက် ပိုသာခဲ့ပြီး ဂိုးသမားအယ်လီဆန်ကဆို တစ်ကြိမ်သာ သူ့ထက်ပိုနည်းခဲ့တာပါ။

ဆိုလိုတာကတော့ လီဗာပူးဟာ တိုက်စစ်ကစားပုံအတွက် ညာအစွန်က ထရန့်ကိုချည်း အားကိုးနေရမှုကို ကြီးကြီးမားမား လျော့ချလာနိုင်ခဲ့ပါပြီ။ လီဗာပူးရဲ့ကစားကွက်က ကွင်းလယ်ကနေ တောင်ပံတွေဆီ သွားတာက ပိုများနေခဲ့သလို အယ်လီဆန်မှ ဗန်ဒိုက်၊ ဗန်ဒိုက်ကမှ သီယာဂိုဆီ အများဆုံးပေးခဲ့ပြီး ဂျိုးမာတစ်ကလည်း ထရန့်ထက် ဘောလုံးထိချက် ပိုများခဲ့ပါတယ်။

ဒါပေမယ့် ဖန်တီးမှုပိုင်းမှာတော့ ထရန့်က ထရန့်ပါပဲ။ ဒီရာသီ လိဂ်မှာ ဖန်တီးမှု ၆ ကြိမ် ရရှိထားပြီးဖြစ်တဲ့ ညာအစွန်လူဟာ ချန်ပီယံလိဂ် ၃ ပွဲမှာလည်း ၂ ကြိမ် ဖန်တီးပေးထားပါတယ်။ သူဟာ ပရိသတ်တွေကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုလည်း ရခဲ့ပါတယ်။။

ရန်ပွဲမှ နိုင်ပွဲထံသို့

ကလော့ပ်နဲ့ အာတီတာတို့ရဲ့ ကွင်းဘေးက ရန်ပွဲဟာ ကွင်းထဲနဲ့ ပွဲကြည့်စင်တွေပေါ်က အတော်အတန် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို ပိုပြီး အသက်ဝင်စေခဲ့တာဖြစ်ပါတယ်။

လီဗာပူးရဲ့ ထိုးဖောက်မှုတွေကို ကာကွယ်မှုတွေလုပ်နိုင်တိုင်း ပြုံးရွှင်စွာ အောင်ပွဲခံနေခဲ့တဲ့ ရမ်စ်ဒေးဟာ နည်းပြတွေရဲ့ ကွင်းဘေးစည်းက အချင်းများမှု အပြီးမှာ ခပ်ဖျော့ဖျော့တောင် မပြုံးနိုင်တော့ပါဘူး။ နည်းပြချင်း ထိပ်တိုက်တွေ့မှုက အန်ဖီးက အသံတွေကို မြင့်လာစေခဲ့ကာ ကစားသမားတွေအတွက် တွန်းအားတချို့ ဖြစ်စေခဲ့ပါတယ်။

အူဘာမီးယန်းအပေါ် ဖာဘင်ညိုရဲ့ ဖျက်ထုတ်မှုကလည်း အချိန်ကိုက်ဖြစ်ခဲ့ပြီး ကွင်းပြည့် အားပေးသံတွေ ဟိန်းထွက်အောင်ကို ပရိသတ်တွေရဲ့ လွှမ်းမိုးမှုကလည်း မြင့်တက်လာခဲ့တယ်။ အန်ဖီးမှာ ပွဲကောင်းကို မြင်ခဲ့ရတာက အာတီတာရဲ့ ကျေးဇူးတွေ အများကြီး ပါတယ်လို့ ဆိုရမှာပါ။

နုနယ်လှတဲ့ အရန်ခုံတန်း

လီဗာပူးရဲ့ ပွဲထွက်စာရင်းမှာ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ဂျိုတာရဲ့ အခြေအနေကလည်း အရမ်းတော့ အဆင်မပြေနေပါဘူး။ ကြံ့ခိုင်မှုပိုင်း အနည်းငယ် ပြဿနာရှိခြင်းနဲ့အတူ ခြေစွမ်း အမြင့်ဆုံးမှာ ထိန်းသိမ်းဖို့ ရုန်းကန်နေခဲ့ရတယ်။ သူဟာ တိုက်စစ်က ကစားခွင့်ရချိန်မှာ အတော်လေး ကြိုးစားခဲ့တာကို မြင်ရပါတယ်။

ချိန်ဘာလိန်ရဲ့ ခြေစွမ်းက နောက်ပိုင်းမှာ တိုးတက်လာခဲ့ပြီး ဆီမီကက်စ်က ဘယ်အစွန်မှာ ရောဘတ်ဆန်ရဲ့ တာဝန်တွေကို ရယူပေးခဲ့တယ်။ အရန်ခုံတန်းက ကစားသမားတွေထဲမှာ လူငယ်တွေ များခဲ့ကာ ပျမ်းမျှ အသက် ၂၂ နှစ်သာရှိပြီး ပရီးမီးယားလိဂ်ထက် လိဂ်ဖလားလိုပွဲတွေမှာ မြင်တွေ့ရနိုင်မယ့် ကစားသမားတွေပါ။

ဟန်ဒါဆန်၊ မီနာမီနို၊ ကိုနာတေးတို့လို စီနီယာ ကစားသမားတွေအပြင် ကိတ်ဂေါ်ဒန်၊ အိုဝင်ဘက်ခ်၊ တိုင်လာမော်တန်၊ ကော်နာ ဘရတ်ဒလေတို့လို ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဟန်ဒါဆန်မပါပဲ ကျန်တဲ့ အရန်ကစားသမားတွေ အားလု ေးပေါင်းလို့ လိဂ်ပွဲထွက်ခွင့်က ၂၅ ကြိမ်သာ ရှိထားတာပါ။

လီဗာပူးက ဒဏ်ရာပြဿနာတွေနဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ဖြစ်နေချိန် အရန်ကစားသမားတွေအတွက် အခွင့်အရေးဖြစ်လာခဲ့တယ်။ လူစားဝင်လာတဲ့ မီနာမီနိုက first touch မှာပဲ လီဗာပူးရဲ့ စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ပြီး တိုင်လာမော်တန်ဟာလည်း အနိုင်ရပြီးသားပွဲမှာ ဘာဖိအားမှမရှိပဲ လိဂ်ပွဲဦးထွက် ကစားနိုင်ခဲ့ပါတယ်။

ဘောလုံးပေးပို့မှု ဆရာကျသူများ

ဒီပွဲအတွက် လီဗာပူးရဲ့လူစာရင်းဟာ ကွင်းလယ်ဟန်ချက်ညီမှုကို ကြွားလုံးထုတ်ခဲ့တာပါ။ ဖာဘင်ညိုရဲ့ နေရာက ရှင်းပြစရာတောင် မလိုပဲ သူဟာ အဆိုပါနေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ လီဗာပူးရဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ သူ့ဘေးမှာ သီယာဂို အယ်ကန်တာရာရှိပြီး စပိန်သားကလည်း အတိုပေးမှုတွေနဲ့ ပွဲကို ထိန်းချုပ်နိုင်ပါတယ်။

သူတို့နဲ့အတူ အနည်းငယ် မသေမသပ်ဖြစ်တတ်ပေမယ့် ပြိုင်ဘက်တွေကို ပိုမိုခြိမ်းခြောက်နိုင်တဲ့ ချိန်ဘာလိန်ပါဝင်ခဲ့တယ်။ ချိန်ဘာလိန်ဟာ တခြားတွဲဘက် နှစ်ယောက်က ထောက်ပံ့ပေးထားတဲ့ ကွင်းလယ်အုတ်မြစ်ကို ပိုမို အခြေခိုင်စေခဲ့သူဖြစ်ပါတယ်။

လီဗာပူးရဲ့ အကောင်းဆုံးကွင်းလယ်က ဘာလဲဆိုတဲ့အပေါ် ဆွေးနွေးမှုတွေအများကြီး ရှိခဲ့ပေမယ့် တခါတလေမှာတော့ အကောင်းဆုံး ကစားသမားတွေဆိုတာထက် အကောင်းဆုံး ဟန်ချက်ညီမှုကို အဓိက ပြောရမှာပါ။

သူတို့သုံးယောက်လုံး ဒီပွဲမှာ ကောင်းကောင်းကစားခဲ့ပြီး ဖာဘင်ညို၊ သီယာဂိုတို့က ဘောလုံးပေးပို့အောင်မြင်မှု ၉၈%၊ ၉၅% အသီးသီးရှိခဲ့ကာ ချိန်ဘာလိန်က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရှင် အဖြစ် စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။

အရှိန်အဟုန် ထိန်းသိမ်းပဲ့ကိုင်နိုင်စွမ်း

ဒီပွဲအပြီး လီဗာပူးရဲ့ ခံစားချက်က ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲအတွက် ဖြစ်မှာပါ။ လီဗာပူးဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်သလို အုပ်စုဗိုလ်လည်း သေချာသွားခဲ့ပါပြီ။ နိုင်ပွဲပိုရလေ ဆုကြေးပိုရလေ ဖြစ်ပေမယ့် လီဗာပူးကတော့ ဖလားစိန်ခေါ်မှုမှာ အရေးပါမယ့် ကစားသမားတွေကို အနားပေးပြီး အေးအေးဆေးဆေး ကစားသွားနိုင်ပါတယ်။

အာဖရိက နေးရှင်းဖလားမတိုင်ခင် ဒီကာလအတွင်း လိဂ်မှာ တတ်နိုင်သလောက် အမှတ်များများစုထားဖို့ လိုအပ်ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်က နောက်နှစ် အစောပိုင်းမှ စတင်မှာဖြစ်တာကြောင့် အခုချိန်မှာ ပြည်တွင်းလိဂ်ကိုပဲ ဦးစားပေးမယ့် အနေအထားပါပဲ။