ပရီးမီးယားလိဂ် ဂန္တဝင်ကြီး ဒရော့ဘာက လီဗာပူးအသင်းမှာ မိုဆာလာရဲ့ အမြင့်ဆုံး တောက်ပနေမှုကို နှစ်သက်နေပြီး ဒီလိုပဲ ဆက်သွားနေရင် အင်္ဂလန်လိဂ်မှာ သူတင်ထားတဲ့ စံချိန်တွေတော့ အကုန် ကျိုးပျက်သွားတော့မှာပဲလို့ ရယ်မောပြီး မှတ်ချက်ပေးပါတယ်။

” ဆာလာက ဒီလိုပဲ ဂိုးတွေ ဆက်သွင်းနေရင် ကျနော်ရဲ့ မှတ်တမ်းတွေ အားလုံးကို ချိုးဖျက်သွားတော့မှာပါ။ ကျနော်တော့ ငိုချင်တော့တာပါပဲ ” လို့ ဒရော့ဘာက ဆာလာရဲ့ စွမ်းရည်ကောင်းတွေကို ရယ်ရယ်မောမော စနောက်သွားပါတယ်။

ဒရော့ဘာနဲ့ ဆာလာတို့ဟာ ၂၀၁၄ တုန်းက ချယ်ဆီးမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာပါ။ ၂၀၁၅ မှာ ဆာလာက အီတလီလိဂ်ကို ပြောင်းခဲ့ပေမယ့်လို့ ဒရော့ဘာက သူ့အသင်းဖော်ဟောင်းကို ကူညီမှုတွေ ဆက်လုပ်ပေးခဲ့ပါသေးတယ်။

ဆာလာဟာ လီဗာပူးအသင်းကို ရောက်လာပြီးနောက်မှာတော့ ဒရော့ဘာရဲ့ သွင်းဂိုး စံချိန်တွေကို စတင် ချိုးဖျက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး အာဖရိကကစားသမားတောင် ဖြစ်လာနေခဲ့ပါပြီ။

” လေ့ကျင့်ရေးမှာ ကျနော် မြင်ခဲ့တာကော၊ သူ့အသင်းဖော်တွေရဲ့ ပြောပြမှုအရ ဆာလာက အရည်အချင်းတွေ အားလုံး ပိုင်ဆိုင်ထားတယ်။ သူက အရည်အချင်းနဲ့ ပါရမီတွေကို ကွင်းထဲမှာ ပြသဖို့ အချိန်လေး လိုခဲ့ပါတယ်။

ကျနေ်ာတို့တုန်းက ချယ်ဆီး လူစာရင်းကို ပြန်ကြည့်မယ်ဆိုရင် အဲ့တုန်းက သူပွဲကစားရဖို့ဆိုတာက မလွယ်ဘူးလေ။ ဒါပေမယ့် ကျနော်ကို ဘာက သဘောတွေ့စေခဲ့လဲဆိုရင် ဆာလာက သိပ်ကိုကောင်းတဲ့သူဗျ။ သူက မကစားရတာကိုတောင်မှ ရည်ရည်မွန်မွန် ရှိနေဆဲပါ။

သူပွဲမကစားရတာကို ဝမ်းနည်းနေခဲ့တယ် ဒါပေမယ့် သူက အမြဲတမ်း ကောင်းပါတယ်။ ဒီလို ဉာဏ်ကောင်းပြီး ခံယူချက်ကောင်းတဲ့ သူမျိုးက ပေါက်ကွဲမထွက်ခင်မှာ အချိန်လေး နည်းနည်းလေးပဲ လိုခဲ့တာပါ။

ရိုးမားမှာ သူနဲ့ စကားပြောခဲ့ရတဲ့ အချိန်တွေကိုလည်း မှတ်မိပါတယ်။ သူက ဂိုးတွေ သွင်းယူနေပေမယ့် ဂိုးမသွင်းနိုင်တဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့။ သူက ဒီလို အခြေအနေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲလို့ ကျနော်ကို မေးခဲ့တယ်။

တိုက်စစ်သမားတွေ အားလုံးနဲ့ ကျနော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့အတူ ဥပမာကောင်းတွေ အများကြီးနဲ့ သူ့ကို ဝေမျှပေးခဲ့ရတယ် ” လို့ ဒရော့ဘာက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။