ဆိုးရှားကို ထုတ်ပယ်မှု အတည်ပြုခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ဂန္တဝင်တစ်ယောက်နဲ့ လမ်းခွဲခဲ့တဲ့ နောက်ဆုံးကလပ် ဖြစ်လာခဲ့ပါတယ်။

ဆိုးရှားဟာ ၂၀၁၈ ဒီဇင်ဘာမှာ မော်ရင်ညိုနေရာ အစားဝင်လာတဲ့ ယာယီနည်းပြအဖြစ် ကနဦး ခန့်အပ်ခံခဲ့ရတယ်။ ရလဒ်ကောင်းတွေနဲ့အတူ ကလပ်ဂန္တဝင်ဖြစ်နေတာကြောင့်ပါ လအနည်းငယ်အကြာမှာ အမြဲတမ်းနည်းပြရာထူးကို ရရှိခဲ့တာပါ။

ထိပ်တန်းအဆင့် အလုပ်တစ်ခုကို ရခဲ့ပေမယ့် နော်ဝေသားရဲ့ နည်းပြမှတ်တမ်းက ထူးထူးခြားခြားမရှိခဲ့ပဲ မိုလ်ဒီအသင်းနဲ့ မတိုင်ခင် ကာဒစ်ဖ်မှာ ၈ လသာ ကြာမြင့်ခဲ့သလို အဲ့ဒီ့တုန်းက သူ့အသင်းဟာ ပရီးမီးယားလိဂ် ဇယားအောက်ဆုံးအဖြစ် အဆုံးသတ်ခဲ့ပြီး တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ဆိုးရှားလို အဖြစ်မျိုးက ချယ်ဆီးမှာလည်း အလားတူ ဖြစ်ခဲ့ဖူးပြီး သူတို့ဟာ ဂန္တဝင် ကစားသမားဟောင်း လမ်းပတ်ကို ၁၈လ အကြာမှာပဲ ထုတ်ပယ်ခဲ့တာပါ။ လမ်းပတ်ဟာ ချယ်ဆီးကို တာဝန်မယူခင် ဒါဘီကောင်တီအသင်းမှာ တစ်နှစ်ကျော်သာ နည်းပြ အတွေ့အကြုံရှိခဲ့တာနဲ့အတူ ဆိုးရှားထက်စာရင် ပိုပြီးတော့တောင် သမ္ဘာနည်းပါးခဲ့တယ်လို့ ဆိုရမှာပါ။

ချယ်ဆီးမှာ လမ်းပတ်ရဲ့ကာလက တိုတောင်းခဲ့ပေမယ့် ဆိုးရှားကတော့ ယူနိုက်တက်မှာ ပိုရှည်ကြာပြီး ၃ နှစ်တာ ကာလထိ ရှိနေခဲ့တယ်။ သူတို့နှစ်ဦးရဲ့ အနေအထားက တစ်နေ့မှာ စတီဗင်ဂျရတ်ကို အန်ဖီးရဲ့နည်းပြအဖြစ် မြင်တွေ့ရဖို့ မျှော်လင့်နေတဲ့ လီဗာပူး ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ။

ကစားသမားဘဝတုန်းက ဂန္တဝင်တစ်ယောက်ဟာ သူ့ရဲ့ ဂန္တဝင်ဂုဏ်ပုဒ်ကို စွန်းထင်စေနိုင်တဲ့ အနအထားကို ရင်ဆိုင်လာမယ်ဆိုတဲ့ အတွေးက စဉ်းစားရ ခက်ခဲပါတယ်။ ကိုယ်ကစားခဲ့ဖူးတဲ့ ကလပ်ကို ကိုင်တွယ်ဖို့၊ ဂျရတ်လို သူငယ်ငယ်လေးထဲက အားပေးခဲ့ရ၊ ကိုယ်တိုင်ကစားခဲ့ရတဲ့ အသင်းကို နည်းပြအဖြစ် ပြန်ရောက်လာဖို့က တကယ်ကို စွန့်စားမှုတစ်ခုပါပဲ။

ဒါပေမယ့် လက်ရှိ အက်စ်တွန်ဗီလာနည်းပြအတွက် ကံကောင်းတာက လီဗာပူးနည်းပြအလုပ်ကို စဉ်းစားဖို့ အချိန်ရောက်လာရင် သူ့ရဲ့ နည်းပြအတွေ့အကြုံတွေက အတော်လေးကို ပြည့်ဝနေပြီးသား ဖြစ်မှာပါ။

လီဗာပူးအကယ်ဒမီမှာ နည်းပြအတွေ့အကြုံ တစ်နှစ်ကျော်သာ ရှိခဲ့ပေမယ့် စကော့တလန်မှာ သူ့ရဲ့ ထူးခြားတဲ့ ခရီးလမ်းဟာ လွန်ခဲ့တဲ့ ၃နှစ်အတွင်း ရုန်းကန်နေရတဲ့ ရိန်းဂျားအသင်းကို ချန်ပီယံတွေအဖြစ် အောင်မြင်စေခဲ့တာဖြစ်ပါတယ်။ သူဟာ ရိန်းဂျားအသင်းကို ၂၀၁၁ နောက်ပိုင်း ပထမဆုံး စကော့တစ် ပရီမီယာရှစ်ဖလား ရရှိစေခဲ့ပြီး လိဂ်မှာ ဆဲလ်တစ်ရဲ့ ၉ နှစ်ကြာ လွှမ်းမိုးမှုကို အဆုံးသတ်ပေးခဲ့တာပါ။

ပရီးမီးယားလိဂ်ထံ သူ မထွက်ခွာလာခင် ရိန်းဂျားရဲ့ ရာသီသစ်အစကလည်း ဖလားလမ်းကြောင်းပေါ်မှာ ရှိနေသေးတယ်ဆိုတာကို ထပ်မံပြသနေတာပါ။ ဂျရတ်ဟာ ရိန်းဂျားကို စကော့တစ် ဘောလုံးလောကအတွက် လွှမ်းမိုးမှုတစ်ခုအဖြစ် ဖန်တီးပေးခဲ့ပေမယ့် ဗီလာကိုနည်းပြဖို့ အခွင့်အရေး၊ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးက ရောက်လာခဲ့ပါတယ်။

ဗီလာအလုပ်အတွက် အင်တာဗျူးမှာ ဗီလာတာဝန်ရှိသူတွေဟာ လီဗာပူးကစားသမားဟောင်းရဲ့ အာရုံစူးစိုက်မှုကို အထင်ကြီးခဲ့ကြပါတယ်။ “အဲ့ဒါက ထူးခြားတဲ့ အင်တာဗျူးတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော်တို့ လူမှန်ကို ရခဲ့ပြီဆိုတာ သံသယဖြစ်စရာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ သူ့ရဲ့ ပြင်ဆင်မှု၊ အတွေးအခေါ်နဲ့ အသေးစိတ် ရှင်းလင်းတိကျမှုတွေကြောင့် အထင်ကြီးခဲ့ရတယ် ” လို့ ဗီလာ စီအီးအိုက ဂျရတ်နဲ့ အင်တာဗျူးအကြောင်း ပြောပြခဲ့ပါတယ်။

ဂျရတ်ဟာ ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ အတွေ့အကြုံယူပြီး ထိပ်တန်းအဆင့်တွေမှာ ကျင်လည်နိုင်သူဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ရှိနေပါပြီ။ ၃ နှစ်ခွဲ စာချုပ်နဲ့အတူ ခက်ခဲတဲ့ ရာသီအစကိုကြုံခဲ့ရတဲ့ ဗီလာပက်ခ်ကို တည်ငြိမ်အောင် ပဲ့ကိုင်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး နောက်ရာသီတွေမှာ ဥရောပပြိုင်ပွဲတွေကို ပစ်မှတ်ထားလာမှာ ဖြစ်ပါတယ်။

ဂျရတ်ဟာ ဗီလာနည်းပြဘဝ ပထမဆုံးပွဲမှာ ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ယူခဲ့ပြီး ကလပ်ရဲ့ ၅ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်ပေးနိုင်ခ့တဲ့နောက်

“ ဒါက စိတ်သက်သာရာရမှု၊ စိတ်ကျေနပ်နပ်မှုတွေ ပေါင်းစပ်ထားတယ်လို့ ထင်ပါတယ်။ အဆုံးသတ်မှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ပါ။ သူတို့တွေ လအနည်းငယ်လောက် မခံစားခဲ့ရတဲ့ ခံစားမှုမျိုးကို ရရှိနေတယ်။ ဒါပေမယ့် ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အချိန်ပိုယူပြီး ပြင်ဆင်၊ သင်ယူပြီး တိုးတက်အောင် လုပ်ဖို့လိုတယ်။ နောက်အပတ်မှာ နောက်ထပ် အမှတ်တွေ ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဗီလာမှာ ဂျရတ်အတွက် ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေပေမယ့် ဗီလာနဲ့ နောက်ထပ် တခြားကလပ်တွေမှာ အောင်မြင်တဲ့ နည်းပြဘဝရဖို့ ကြိုးစားခြင်းဟာ တနေ့မှာ အန်ဖီးကို ပြန်လာဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ လီဗာပူးပရိသတ်တွေက ယုံကြည်ထားကြပါတယ်။

ဂျရတ်ဟာ ထိပ်တန်းအဆင့်မှာ အတွေ့အကြုံတွေ ရယူရင်း သူ့ကိုယ်သူ သက်သေပြရမှာ ဖြစ်တယ်။ ဒါမှလည်း တစ်နေ့မှာ လီဗာပူးအသင်းက သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ရွေးချယ်မယ်ဆိုရင် ချယ်ဆီးနဲ့ ယူနိုက်တက် ဂန္တဝင်တွေ ရင်ဆိုင်ခဲ့ရသလို ခါးသီးဖို့ကောင်းတဲ့ နေ့ရက်မျိုးတွေ ရင်ဆိုင်ရခြင်းက ကင်းဝေးမှာပဲ ဖြစ်ပါတယ်။