လီဗာပူးဟာ ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ပွဲကြောင့် အာဆင်နယ်နဲ့ပွဲမှာ လက်တုံ့ပြန်ဖို့ တွန်းအားဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် လန်ဒန်မြေမှာ ဒီရာသီ ပထမဆုံး ရှုံးပွဲ ရခဲ့ခြင်းကို ထရန့်က မကျေနပ်နိုင်ဖြစ်နေဆဲပါ။

လီဗာပူးဟာ အန်ဖီးမှာ ဂန်းနားတွေကို ၄-၀ နဲ့ အေးအေးဆေးဆေး အနိုင်ယူခဲ့သလို ထရန့်က ၂ ဂိုး ဖန်တီးပေးပြီး အထင်ကြီးစရာ ခြေစွမ်းတွေ ဆက်လက်ပြသနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ရှုံးပွဲကပဲ နောက်ဆုံး ၃ ပွဲအတွင်း ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်လည်ရယူဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ထရန့်က ယုံကြည်နေပါတယ်။

“နိုင်ငံတကာသီတင်းပတ်ကနေ ပြန်လာပြီးနောက်မှာ ဝက်ဟမ်း ရှုံးပွဲကို တုံ့ပြန်ဖို့၊ ဘာတွေမှားသွားတယ်ဆိုတာ ပြန်စဉ်းစားပြီး ပြင်ဆင်ဖို့ အချိန်ယူခဲ့ပါတယ်။ ကျွန်တော်တို့ အရှုံးကို တွန်းအားအဖြစ် အသုံးချပြီး နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ဖို့ အရေးကြီးခဲ့တယ်။ အဲ့ဒီ့အတိုင်း ကျွန်တော်တို့ အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ်။

လူတိုင်းက ရှုံးပွဲကြောင့် မကျေမနပ် ဖြစ်ခဲ့ကြတယ်။ ပိုကောင်းအောင် လုပ်ဖို့ လိုအပ်ခဲ့တယ်။ ရှုံးပွဲကို လက်ခံရတာ ခက်ခဲပေမယ့် အသင်းတစ်သင်းအနေနဲ့ ဘာတွေ မှားသွားတယ်ဆိုတာ ကျွန်တော်တို့သိပြီး ပြင်သင့်တာပြင်၊ နောက်ထပ် အမှားတွေ ထပ်မဖြစ်အောင် သင်ခန်းစာယူခဲ့ပါတယ်”လို့ ထရန့်က ပြောပြခဲ့တာပါ။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေအပြီး အသင်းအနေနဲ့ ပိုကောာင်းတဲ့ စိတ်ဓာတ်ပြင်းထန်မှုမျိုး ရှိဖို့ ကလော့ပ်က တိုက်တွန်းခဲ့တာနဲ့အတူ အာဆင်နယ်နဲ့ပွဲမှာ လီဗာပူးရဲ့ တုံ့ပြန်ကစားပုံက ဒီရာသီမှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ထရန့်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“ဝက်စ်ဟမ်းနဲ့ပွဲက တည်ကန်ဘော ၂ လုံးနဲ့ တန်ပြန်တိုက်စစ်ကို ခုခံပုံက အဆင်မပြေခဲ့ဘူး။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ ကျွန်တော်တို့ရဲ့ ဖိအားပေး ကစားပုံက အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ သိပ်ပြီး အသာစီးမရခဲ့ပေမယ့် ဖိထားနိုင်တုန်းပါ။

ဒုတိယပိုင်းကတော့ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ထိန်းချုပ်ကစားပုံပါပဲ။ ကျွန်တော်တို့ လုပ်နေကျ လမ်းကြောင်းအပေါ် ပြန်ရောက်လာခဲ့တာပါ။ ကျွန်တော်တို့တွေ သူတို့တွေ ကြီးမားတဲ့ ဖိအားတွေ ပေးခဲ့တယ်။

ဖိအားပေးမှုကနေ ဘောလုံးတွေ ပြန်လည်ရယူခဲ့ပြီးတော့ ဂျိုတာရဲ့ ဂိုးနဲ့ သူတို့ကို အပြစ်ပေးနိုင်ခဲ့တယ်။ အထူးသဖြင့် ဒုတိယပိုင်း မိနစ် ၂၀ လောက်မှာ သိပ်ကောင်းခဲ့ပါတယ်” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။