အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက အသင်းနဲ့အတူ ဆုဖလားတစ်ခု ရယူဖို့ဟာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်သေချာစေဖို့ထက် အရေးပါကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ မီလန်ဂိုးသမား ဒွန်နာရာမာကို ခေါ်ယူဖို့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် ဂိုးသမားဟာ ဥရောပ အလားအလာကောင်းတဲ့ ဂိုးသမားတွေထဲ ပါဝင်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကွင်းထဲ သွေးပူလေ့ကျင့်ခန်း လုပ်စဉ်မှာ ဘာကုသို့ လိုက်ပါမလာနိုင်ခဲ့တဲ့ ကစားသမား မီခီတာရန် အမည်နဲ့ ၀တ်စုံများ တူညီဝင်ဆင်လေ့ကျင့်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ အစီအစဉ်ကို ယူအီးအက်ဖ်အေက ပယ်ချလိုက်ပြီး မပြုလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ပေါင် ၃၅ သန်းတန် အက်စ်ပန်ညို ခံစစ်မှူး မာရီယို ဟာမိုဆိုကို ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း စိတ်ဝင်စားနေကာ ကမ်းလှမ်းမှုများ ပြုလုပ်ဖို့ ရှိလာပါတယ်။

ဘာစီလိုနာကွင်းလယ်လူ အန်ဒရီဂိုးမက်ဇ်အား စပါးအသင်းနဲ့ အပြိုင် ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက ကြိုးစားလာပါတယ်။ ၄င်းကို အငှားခေါ်ထားတဲ့ အဲဗာတန်ကလည်း အပြီးသတ် ခေါ်ယူလိုနေတာပါ။

အာဆင်နယ်ခံစစ်မှူး ဆိုကရေးတစ်က အမ်မရီဟာ ၄င်းလက်တွဲ အလုပ်လုပ်ဖူးတဲ့ နည်းပြတွေထဲ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

အမ်မရီက သူ့အနေနဲ့ ရမ်ဆေးကို ဒဏ်ရာပြဿနာတွေကနေ ရှောင်လွှဲနိုင်အောင် ညွှန်ကြားမှုတွေပေးခဲ့ပေမယ့် ကစားသမားရဲ့ အသင်းအတွက် ပေးဆပ်တဲ့ စိတ်ဓာတ်ပိုင်းကို မတားဆီးနိုင်လို့သာ ကာလရှည်ဒဏ်ရာ ရသွားခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီမှ ခံစစ်မှူး သောမတ် မူနီယာကို ၀င်ရောက်ကြိုးစားဖို့ စတင် လှုပ်ရှားလာပါတယ်။ အမ်မရီက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ထွက်ခွာမယ့် လစ်ခ်ျစတိုင်နာ နေရာအစားထိုးဖို့ ခေါ်ယူလိုနေတာပါ။