ဗဟိုနောက်ခံလူ ဂျိုးမာတစ်ဟာ လီဗာပူးကစားသမားဘဝ ၆ ရာသီမြောက် ရောက်လာပြီဖြစ်ပြီး ကလပ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်ခဲ့သလို အမြင့်ဆုံး အဆင့်အတန်းဆီ ရောက်ရှိခဲ့ပြီးသား ဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဒီရာသီမှာလည်း အလားအလာကောင်းတဲ့ အခြေခံတွေ ပိုင်ဆိုင်ထားဆဲဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တာက ကလပ်ကို ပရီးမီးယားလိဂ် အောင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ မာတစ်က အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၄ ပွဲ ပွဲထွက်ခဲ့ရတာ ဖြစ်ပါတယ်။

“ ကျွန်တော်က အမြဲတမ်း စိတ်ဓာတ်မြင့်တက်နေတာပါ။ ဒါကို ထပ်ခါ ထပ်ခါ လုပ်ပြမှုနဲ့အတူ သက်သေပြဖို့လိုတယ်။ ပွဲကောင်းတစ်ပွဲအပြီးမှာ ရပ်တန့်ချင်ပြီလို့ ပြောလို့မရဘူး။ အမြဲတမ်း ဒါကို ပြသချင်ပါတယ်။

တစ်ခုခုကို တခါ အောင်မြင်လိုက်တာနဲ့ အဲ့ဒီ့ခံစားချက်ကို သိသွားပြီ၊ အောင်မြင်မှုကို အရသာတွေ့သွားပြီဆိုရင် နောက်ထပ်မိုင်တွေ အများကြီး ရှေ့ဆက်လျှောက်လှမ်းဖို့ အင်အားရပါတယ်။ ဘာလို့လဲဆိုတော့ အဆုံးသတ်မှာ ဆုဖလား ကိုင်မြှောက်ခွင့်ရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ့ မင်းသိသွားပြီလေ။ ဒါကြောင့်ပဲ အမြဲတမ်း အောင်မြင်မှုကို ရှာဖွေနေတာပါ။

ကျွန်တော်က ပုံမှန်အားဖြင့် ကိုယ့်စွမ်းဆောင်ရည်ကို ဝေဖန်သုံးသပ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ကျေနပ်တယ်ရယ်လို့ မရှိဘူး။ ကျွန်တော် တိုးတက်ဖို့လိုတဲ့ အရာတွေအကြောင်း စာရင်းပြုစုလိုက်ရင် ဒီမှာတင်ပဲ အချိန်တွေ အကြာကြီး ကုန်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်က ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်နေပြီလို့ မရှိပါဘူး။

ဒါပေမယ့် အရာအားလုံး မှန်ကန်တဲ့ အခြေအနေထဲမှာ မြင်တတ်ဖို့လိုတယ်။ ကျွန်တော် ပြီးပြည့်စုံမှု မရှိတာကြောင့် ဘယ်တော့မှ ကိုယ့်ကိုယ်က အားမရနေဘူး။ ဒါက ကိုယ်တိုင် တိုးတက်ဖို့ နည်းလမ်းကောင်းတစ်ခုလို့ ထင်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အရာတွေကို ပျော်ရွှင်ကျေနပ်ဖို့လည်း လိုပါတယ်။

အရာရာတိုင်းက အလုပ်မဖြစ်ပေမယ့် ဆက်ကြိုးစားနေရမယ်၊ အရင်က အလုပ်ဖြစ်ခဲ့တဲ့အရာတွေ၊ ယုံကြည်မှု မရှိခဲ့တဲ့အရာတွေကို ကြိုစားဖို့ ရဲရင့်မှုရှိတယ်။ အမြဲတမ်း ပိုပိုပြီး တိုးတက်ဖို့ ဘာလုပ်နိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို မေးရမယ်။ ‘မင်းက ပြီးပြည့်စုံပြီ၊ ထပ်ကြိုးစားဖို့ မလိုတော့ဘူး’ လို့ ကျွန်တော် ကိုယ့်ကိုယ်ကို ဘယ်တော့မှ မပြောဘူး။ ဒီလိုပဲ ကျွန်တော်ကြိုးစားတာပါ”လို့ မာတစ်က ဆိုပါတယ်။

မာတစ်နဲ့ ဗန်ဒိုက်တို့ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် မနှစ်ကရာသီရဲ့ အချိန်တော်တော်များများကို လွဲချော်ခဲ့ပြီးနောက် ဒီရာသီ ဗဟိုခံစစ်မှာတော့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ နားလည်မှု၊ တွဲဖက်ညီမှုတွေ ရှိနေပေမယ့် အမြဲတမ်း ပိုတိုးတက်ဖို့လိုတဲ့အရာဆိုတာ ရှိတယ်လို့ မာတစ်က ယုံကြည်နေပါတယ်။

“ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဗဟိုနောက်ခံလူတွေ အများကြီးရှိတယ်လို့ ထင်မိတယ်။ ဒါပေမယ့် ပွဲတိုင်းမှာ ကိုယ့်အသင်းဖော်အကြောင်း ပိုကောင်းကောင်းသိလာပြီး သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ နားလည်လာဖို့ လိုပါတယ်။ ဒါက အချိန်ယူရတဲ့ အလုပ်မျိုးပါ။

ဗဟိုခံစစ်နှစ်ယောက်က တစ်ဦးချင်း မြင့်မားတဲ့ အရည်အချင်းတွေရှိပြီး အတူတကွ ကောင်းကောင်းကစားရင် အဆုံးသတ်မှာာ ရလဒ်က အကောင်းမြင်စရာ ဖြစ်မှာပါ။ ဒါက ညတွင်းချင်း ဖြစ်လာနိုင်တာမျိုး မဟုတ်ပေမယ့် ကျွန်တော်တို့ဟာ အတူတကွ အချိန်တခုကြာ ကစားခဲ့ပြီးဖြစ်ပြီး အဲ့ဒီ့ကနေ တိုးတက်ဖို့ တည်ဆောက်နိုင်တယ်လို့ ထင်ပါတယ် ” လို့ မာတစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။