မန်နေဂျာယာဂင်ကလော့ပ်က ပေါ်တိုပွဲမှာ အမှတ်မလိုတာကြောင့် အရန်နဲ့ လူငယ်တွေကိုပဲ ထည့်သုံးဖို့ တိုက်တွန်းမှုတွေကို ပယ်ချလိုက်ပါတယ်။

မနှစ်တုန်းက မစ်ဂျီရန်နဲ့ပွဲမှာ ကစားသမားသစ် ဂျိုတာကို ပွဲထိတွေ့မှုရစေဖို့ ပွဲထုတ်ခဲ့ရင်းက ဒူးဒဏ်ရာကြောင့် ကာလရှည် နားခဲ့ရတာပါ။ ပေါ်တိုနဲ့ပွဲ မီဒီယာတွေ့ဆုံမှုမှာတော့ တူညီတဲ့ အမှားမျိုး မဖြစ်အောင် ဒီပွဲမှာ အဓိက ကစားသမားတွေကို ဖယ်ထုတ်ထားဖို့ တိုက်တွန်းခံခဲ့ရတယ်။

ဂျိုတာ ဒဏ်ရာရခဲ့တဲ့ ကိစ္စကို တုန့်ပြန်ရာမှာ ကလော့ပ်က ” အခု ခင်ဗျားထိုင်နေတဲ့ နေရာက ထိုင်ပြီး ပြောရင်တော့ လွယ်တာပေါ့။ လူတိုင်းကတော့ ကျနေ်ာတို့ကို ‘ ဒီတစ်ယောက်ကို ထုထတ်၊ ဒီတစ်ယောက်ထုတ်၊ ဟိုတစ်ယောက် မထည့်နဲ့’ ဆိုပြီး ပြောဆိုကြတယ်။

အဓိက ကစားသမားတွေ အားလုံး ထုတ်ပြီး အသင်းတစ်သင်းနဲ့ ကစားမယ်ဆိုရင် ချန်ပီယံလိဂ်အသင်း ဘယ်ဟုတ်တော့မလဲ။ အဲ့လို လုပ်ဖို့လည်း ကျနေ်ာတို့မှာ ကစားသမား လုံလောက်နေတာ မဟုတ်ပါဘူး။ နောက်ပြီး ထည့်ကစားတိုင်းလည်း ဒဏ်ရာရတာ မဟုတ်ပါဘူး။

အခု ခင်ဗျားထိုင်နေတဲ့ မီဒီယာထိုင်ခုံကနေ ဒီလို မေးခွန်းတွေ မေးရတာက လွယ်လွန်းပါတယ်။ ဒါက ကျနော် ရိုးရိုးသားသား ပြောတာပါ။ ကျနေ်ာတို့က ဘောလုံးပွဲ တစ်ပွဲကို နိုင်လောက်မယ့် လူစာရင်းကို ထုတ်ရတာပါ။

ဂျိုတာဖြစ်ခဲ့တဲ့ ကိစ္စကတော့ ကံမကောင်းတာပါပဲ။ ကျနော်လည်း မုန်းမိပါတယ်။ အဲ့ဆုံးဖြတ်ချက်ကို ကျနော် လုပ်ခဲ့တာပါ။ ဒါပေမယ့် တူညီတဲ့ ဆုံးဖြတ်ချက်ကို ထပ်လုပ်ဦးမလားဆိုရင် ကျနော်ကတော့ လုပ်မှာပါပဲ ဘာလို့လည်းဆိုတော့ ကျနော်တို့ တည်ငြိမ်မှု လိုအပ်တာကြောင့်ပါ။

ဘောလုံးပွဲတစ်ပွဲကို ဒီပွဲတော့ ဒီလူစာရင်းနဲ့ ကစား၊ ဟိုပွဲတော့ ဟိုလူစာရင်းနဲ့ ကစားမယ်ဆိုပြီး လုပ်လို့ မရပပါဘူး။ အဲ့လိုလုပ်နေရင် ပွဲတွေကို နိုင်မှာ မဟုတ်ပါဘူး။ ကစားသမားတွေက ပွဲကစားချိန် မှန်မှန်လေးရဖို့လိုတယ်။ ကစားသမားတစ်ယောက် ဒဏ်ရာရခဲ့လို့ဆိုပြီး အရင်ဇာတ်လမ်းဟောင်း ပြန်မလုပ်ဖို့ ပြောတာမျိုးက မတရားပါဘူး။

ကစားသမားအားလုံး ဒဏ်ရာရနိုင်ပါတယ်။ မနက်ဖြန်အတွက် ပွဲထွက်လူစာရင်း ထုတ်လိုက်ရင် ဒဏ်ရာရရင်လည်း ရပါစေဆိုပြီး ထည့်သုံးတာမျိုး ဖြစ်သွားမှာလား? မဟုတ်ပါဘူး။ အဲ့လို လုပ်လိုစိတ် မရှိသလို လုပ်လည်း လုပ်မှာ မဟုတ်ဘူး။ ဘောလုံးမှာက ဒဏ်ရာရတာတွေ ရှိနိုင်ပါတယ်။ မနက်ဖြန်မှာတော့ ဘာမှမဖြစ်ဖို့ မျှော်လင့်ကြတာပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။