လီဗာပူးက ပေါ်တိုကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရခဲ့ပြီး သွင်းဂိုးတွေကိုတော့ သီယာဂိုနဲ့ ဆာလာတို့က ပွဲချိန် ဒုတိယပိုင်းတွေမှာ သွင်းယူပါတယ်။

လီဗာပူး ယူ-၁၉ အသင်းဟာ ပေါ်တို ယူ၁၉ အသင်းကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မနက်က နိုင်ပွဲအပြီးမှာပဲ ချန်ပီယံလိဂ် ရှုံးထွက်မှာ လီဗာပူးနဲ့ အတွဲကျလိုတဲ့အသင်း တစ်သင်းမှ ရှိမှာ မဟုတ်ဘူးလို့ အိုဝင်က မှတ်ချက်ပေးလိုက်ပါတယ်။

တိုက်စစ်မှူး ဆာလာဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၆ ဂိုး ရထားပြီး ဟယ်လာ ၉ ဂိုး၊ လီဝမ်ဒေါစကီး ၉ ဂိုး၊ အန်ကွန်ခူ ၇ ဂိုးတို့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ အနည်းဆုံး သွင်းဂိုး ၂ ဂိုးနဲ့ ၂ ဂိုးအထက်ကို ပွဲပေါင်း ၁၆ ပွဲ ဆက်တိုက် သွင်းယူထားပါပြီ။ ဒါဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်း အင်္ဂလန်ဘောလုံးအသင်းတွေထဲ ပထမဆုံး ပြန်လည် စွမ်းဆောင်နိုင်တဲ့အသင်း ဖြစ်လာစေပါတယ်။

ပေါ်တိုနဲ့ပွဲမှာ ဂိုးရခဲ့တဲ့ ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၇ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူနိုင်ခြင်းဖြစ်ပါတယ်။ သူဟာ သွင်းဂိုးနဲ့ ဂိုးထောက်ပံံ့မှု နှစ်ခုလုံးပေါင်းရင် ၂၃ ကြိမ် လုပ်ထားနိုင်ပါတယ်။

ပေါ်တိုပွဲမှာ အဝါကဒ်ရခဲ့တာကြောင့် မီလ်နာဟာ အုပ်စုတွင်း နောက်ဆုံးပွဲဖြစ်တဲ့ အေစီမီလန်နဲ့ပွဲကို လွဲချော်ပါမယ်။ အဆိုပါပွဲကို အနိုင်ရရင်တော့ ချန်ပီယံလိဂ်မှာ အုပ်စုတွင်း ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ရခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကလပ်လည်း ဖြစ်လာပါမယ်။

မီလ်နာ အဝါကဒ်ယူသွားတာနဲ့ ပတ်သက်လို့ ကလော့ပ်က ” ကျနော်လည်း မသိပါဘူး။ အခုက မီလီလေ။ ကျနော် ဘာများ ပြောနိုင်ဦးမှာလဲ။ သွားဝေဖန်ရအောင်လည်း သူက အိုလွန်းနေပါပြီ ” လို့ ရယ်မောပြီး ပြောဆိုသွားပါတယ်။

ပေါ်တိုပွဲမှာ နီကိုးဟာ မြေပြင်အတွင်း တစ်ဦးချင်း လုယူမှု ကြိုးစားခြင်း ၁၁ ကြိမ်မှာ ၁၀ ကြိမ် အောင်မြင်ခဲ့ကာ ကျော်ဖြတ်မှု ၆ ကြိမ်မှာလည်း ၅ ကြိမ် အောင်မြင်ခဲ့တယ်။ အခွင့်အရေး ဖန်တီးမှုလည်း ၂ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ပေါ်တိုပွဲ သွင်းဂိုးထက် ပိုလှတဲ့ သွင်းဂိုး ရဖူးလားဆိုတဲ့ သတင်းထောက်ရဲ့ အမေးကို သီယာဂိုက ခဏလေး စဉ်းစားပြီးနောက် သွင်းဖူးတယ်လို့ ပြန်ဖြေသွားပါတယ်။

ဒီရာသီမှာ ဘယ်အစွန်လူ ကိုစတက်ဟာ လီဗာပူးအတွက် ပွဲထွက် လူစာရင်းကနေ ၈ ပွဲ ပါဝင်ကစားပေးထားပြီး ၈ ပွဲလုံး ခံစစ်က ဂိုးမပေးရပါဘူး။

နည်းစနစ်ပိုင်း သိပ်ကောင်းတဲ့ ကစားသမားလို့ နာမည်ကြီးတဲ့ မော်တန်ဟာ အသက် ၁၉ နှစ် ၂၄ ရက်မှာတင် လီဗာပူးအတွက် ချန်ပီယံလိဂ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ထရန့်နောက်ပိုင်း ဒုတိယ အသက်အငယ်ဆုံး ပွဲထွက်ရမှုဖြစ်လာပါတယ်။