လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ဟာ ဒေါသထွက်နေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အာဖရိက နေးရှင်းဖလားနဲ့ ပတ်သက်ပြီး သူ့မှတ်ချက်စကားတွေကို ခုခံကာကွယ်ခဲ့ရပါတယ်။

ကလော့ပ်ဟာ အဲ့ဒီ့ဖလားအတွက် သွားကစားရမယ့် မိုဆာလာ၊ မာနေးအပါအဝင် သူ့ရဲ့ အကောင်းဆုံး ကစားသမားတချို့ကို ဇန်နဝါရီအတွင်း ရက်သတ္တပတ်အနည်းငယ်ကြာ လက်လွှတ်ထားရမယ့်ကိစ္စအပေါ် ညည်းတွားခဲ့ပြီး အာဖရိက နေးရှင်းဖလားကို ညွှန်းဆိုရာမှာ ‘ပြိုင်ပွဲအသေးလေး’ တစ်ခုအဖြစ် မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အလွတ်တမ်း သတင်းထောက် ဘာဘာတွန်ဒေက “ဟိုင်း ယာဂင်၊ ခင်ဗျားရဲ့ ပြီးခဲ့တဲ့ ပွဲကြိုသတင်းစာရှင်လင်းပွဲမှာ အာဖရိကနေးရှင်းဖလားကို ‘ပြိုင်ပွဲအသေးလေး’ လို့ ခေါ်ခဲ့တယ်နော်။ အဲ့ဒီ့စကားက ကစားသမားတွေ၊ ပရိသတ်တွေ၊ လူတွေကို စော်ကားတာပဲလို့ ကျွန်တော်ထင်တယ်။ ခင်ဗျားအနေနဲ့ အာဖရိက တတိုက်လုံးကို တောင်းပန်သင့်တယ်” လို့ ဒေါသတကြီး ပြောဆိုခဲ့တာပါ။

အဲ့ဒီ့နောက် ကလော့ပ်က “နေပါဦးဗျ။ ကျွန်တော် အဲ့ဒီ့သဘောပြောခဲ့တာ မဟုတ်ဘူး။ အရိုးသားဆုံးပြောရရင် ခင်ဗျားဘာလို့ အဲ့ဒီ့လို တွေးမိသွားလဲဆိုတာတောင် ကျွန်တော်မသိဘူး။ ကျွန်တော်က အဲ့ဒီ့လို ပြောချင်တာ မဟုတ်ဘူးလေ။ ကျွန်တော်က အာဖရိကကို ‘တိုက်သေးသေးလေး’ တို့၊ အာဖရိကနေးရှင်းဖလားကို ‘ပြိုင်ပွဲသေးသေးလေး’တို့ ပြောချင်တဲ့ သဘောမဟုတ်ဘူး။ အဲ့လိုဆိုလိုချင်တာ မဟုတ်ဘူး ” လို့ တုန့်ပြန်ခဲ့တယ်။

ဘာဘာတွန်ဒေကတော့ မကျေနပ်ဘဲ အင်တာဗျူးမှာ အာဖရိကကို အထင်သေးခဲ့တယ်လို့ ထပ်မံ ရိုးစွပ်ခဲ့ပြီး ဒီကိစ္စကို တောင်းပန်ဖို့ ဒေါသတကြီးဖြင့် ကလော့ပ်နဲ့ လုပြောခဲ့တယ်။ လီဗာပူးနည်းပြက ဒီကိစ္စကို အလေးအနက် ဖြေရှင်းရမယ်ဆိုတာ နားလည်တာကြောင့် သူပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲဆိုတာကို ပြန်ရှင်းပြခဲ့ရတယ်။

ခပ်တည်တည်မျက်နှာထားဖြင့် ကလော့ပ်က ” ကျွန်တော်ပြောတာက ခင်ဗျားအနေနဲ့ သတင်းစာရှင်းလင်းပွဲ အစအဆုံးကို ကြည့်ရင် နားလည်လောက်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အခု မတ်လမတိုင်ခင်အထိ နိုင်ငံတကာ သီတင်းပတ်တွေ မရှိတော့ဘူးလို့ ပြောခဲ့တာပါ။

ပြီးတော့ ‘အိုး၊ ဇန်နဝါရီမှာ ပြိုင်ပွဲအသေးတစ်ခုရှိသေးတယ်’ လို့ ပြောခဲ့တယ်။ အဲ့ဒါက ပြိုင်ပွဲကို သေးသေးလေးလို့ ပြောချင်တာမဟုတ်ဘူး။ လက်ရွေးစင်သီတင်းပတ်တွေ ပြီးသွားတာတောင် ‘ပြိုင်ပွဲတစ်ခု ထပ်ရှိသေးတာပဲ’ ဆိုပြီး သရော်သလို ပြောတာပါ။ အဲ့ဒါက ပြိုင်ပွဲတစ်ခုရှိသေးတယ်။ အသင်းသား အများအပြား လက်လွတ်ရမယ့် အကြီးကြီးတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို အဲ့ဒီ့ပြိုင်ပွဲအတွက် ဆုံးရှုံးလိုက်ရမှာမို့လို့ပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဘာဘာတွန်ဒေကတော့ မကျေနပ်သေးပဲ ‘ခင်ဗျားအဲ့လိုမျိုး ဥရောပမှာ ပြောလို့မရဘူးလေ။ ‘ဥရောပ ပြိုင်ပွဲသေးသေးလေး’ လို့ ခင်ဗျား ဘယ်ပြောမှာလဲ။ ဟုတ်တယ်မလား”လို့ ထပ်ပြောခဲ့ပါတယ်။

ကလော့ပ်က ကိုယ်ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလန်စကားဖြင့် ဖြေရတာကြောင့် စကားလုံးသုံး မှားခဲ့တာဖြစ်ပေမယ့် သူကတော့ အာဖရိကကို အထင်သေးစကား ပြောခဲ့ခြင်း မဟုတ်တာက စိတ်ရင်းဖြစ်ကြောင်းနဲ့ သတင်းတစ်ခုလုံးကို သေချာနားထောင်ရင်တောင် ဆိုလိုရင်းက အဲ့လိုမဟုတ်တာ သိခဲ့မှာပါလို့ ပြန်ဖြေခဲ့တယ်။

ကလော့ပ်က “ကျွန်တော်က အင်္ဂလိပ်စကားကို သိပ်ပြီးကျွမ်းကျင်တဲ့ ဒီနိုင်ငံသား မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို အထင်လွဲချင်ရင် တချိန်လုံး အထင်လွဲစရာတွေပဲ မြင်နေလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့ဒီ့လို သဘောမျိုး မရှိဘူးဆိုတာ သိပါတယ်။ ခင်ဗျားဘာလို့ အဲ့လိုတွေးလိုက်လည်းဆိုတာကိုပဲ ကျွန်တော် နားမလည်ဘူး။ ဒါပေမယ့် ကျွန်တော်က အဲ့လိုပြောဖို့ ရည်ရွယ်တာမဟုတ်တော့ ခင်ဗျားပြောနေတာက တကယ်အဆင်မပြေဘူး”လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အာဖရိကတိုက်ရဲ့ ပြိုင်ပွဲဟာ ကမ္ဘာတလွှားက တခြားပြိုင်ပွဲတွေနဲ့ ကွာခြားပြီး လေးနှစ်တစ်ကြိမ်အစား နှစ်နှစ်တစ်ကြိမ် ကျင်းပကာ နွေရာသီထက် ဥရောပဆောင်းရာသီအချိန်မျိုးမှာ ကစားလေ့ရှိပါတယ်။

ဒီနှစ်ရဲ့ အာဖရိကနေးရှင်းဖလားကို ကင်မရွန်းမှာ ကျင်းပမှာဖြစ်ပြီး ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ကစားသွားမှာပါ။ အဲ့ဒီ့ပြိုင်ပွဲမှာ လီဗာပူးရဲ့ ကစားသမားသုံးယောက် ပါဝင်မှာဖြစ်ပြီး အီဂျစ်အတွက် ဆာလာ၊ ဆီနီဂေါအတွက် မာနေး၊ ဂူနီယာအတွက် နာဘီကိတ်တာတို့က အသီးသီး ကစားပေးကြမှာ ဖြစ်ပါတယ်။