ဘယ်အစွန်နေရာမှာ ဆီမီကက်စ်၊ ရော်ဘတ်ဆန်တို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ယာဂင်ကလော့ပ်က ကြိုဆိုခဲ့ပေမယ့် အဆုံးသတ်မှာတော့ “ရော်ဘိုက ရော်ဘိုပဲ” ဖြစ်နေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ ပြိုင်ပွဲလေးခုမှာ ယှဉ်ပြိုင်ကစားနေရတာနဲ့အတူ ကလပ်အနေနဲ့ ဘယ်အစွန်လို နေရာမျိုးတွေမှာ လူအင်အား တောင့်တောင့်တင်းတင် းရှိထားဖို့ လိုအပ်ခဲ့တာပါ။ ဒီရာသီမှာ ရော်ဘတ်ဆန်က ၁၁ ကြိမ် ပွဲထွက်ကစားခဲ့ရပြီး ဆီမီကက်စ်က ၉ ပွဲ ကစားခဲ့ထားခဲ့တာဖြစ်တယ်။

ဒီနှစ်ယောက်လုံး အပြိုင်ဖြစ်နေတာက ကစားချိန်တွေကို အဆင်ပြေပြေ စီမံခန့်ခွဲနိုင်ပြီး ဒဏ်ရာပြဿနာအတွက် ကာကွယ်ပေးပြီးသားဖြစ်စေတာနဲ့အတူ ဘယ်ခြမ်းအတွက် အသင်းရဲ့ စိုးရိမ်မှုတွေ ပျောက်ကွယ်သွားစေခဲ့တာပါ။

“ပြောရရင် ရိုဘိုနဲ့ ထရန့်က ရာသီတိုင်း ပွဲ ၅၀ လောက် မကစားနိုင်ပါဘူး။ သူတို့ ကြံ့ခိုင်မှု ပြည့်ဝနေတယ်ဆိုရင်တော့ အဲ့လို ပေးကစားလိုက်ရင် သူတို့ရဲ့ ကစားသမားဘဝကို တချိန်မှာ ထိခိုက်စေလိမ့်မယ်”လို့ ကလော့ပ်က ဆိုပါတယ်။

အခုချိန်မှာ ဆက်တိုက် အကေင်းဆုံးပုံစံတွေ မပြသထားသေးတဲ့ ရော်ဘတ်ဆန်ကို ဆီမီကက်စ်က ဖိအားပေးလာတာနဲ့အတူ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်မလဲအတွက် ကလော့ပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

နည်းပြက ဒါကို ဖြေဖို့ လက်တွေ့ဆန်ခဲ့ပေမယ့် ရော်ဘတ်ဆန်ကို အသားပေးဖို့ စိတ်အားထက်သန်နေခဲ့ပြီး ၎င်းဟာ ရှင်းလင်းတဲ့ ပထမဦးစားပေး ကစားသမား ဖြစ်နေဆဲလို့ ပြောဆိုခဲ့သလို လူငယ်ကစားသမား အိုဝင်ဘက်ခ်ကိုပါ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ ဆီမီးကက်စ်က တွန်းအားပေးနေပါတယ်။ ဒါပေမယ့်လို့ ဒါကို တွန်းအားလို့တော့ မမြင်သေးပါဘူး။ ရိုဘိုက ရိုဘိုပါပဲ။ ဆီမီကက်စ်က ကောင်းပြလိုက်တာနဲ့ လူတွေက ရိုဘို ဘယ်လောက်ကောင်းလဲဆိုတာကို အခုချက်ချင်း မေ့လိုက်တာက ထူးဆန်းပါတယ်။ ဆီမီကက်စ် ကောင်းကောင်း ကစားနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူကောင်းတွေများနေတဲ့ ပြဿနာက ဒဏ်ရာကြောင့် လူအင်အားမရှိတဲ့ ပြဿနာထက် အများကြီး ပိုကောင်းပါတယ်။

ဂျိမ်းစ်မီလ်နာက အဲ့ဒီ့နေရာမှာ ကစားခဲ့ရပြီး ကောင်းကောင်းလုပ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့မှာ မတူညီတဲ့ ဖြေရှင်းစရာတွေ ရှိနေပြီ။ ဒါက တကယ်ကောင်းပါတယ်။ ပြီးတော့ အိုဝင်ဘက်ခ်လည်း ပေါ်လာတယ်။ တကယ်ကို အလားအလာရှိတဲ့ကလေးပါ။ ဒါတွေက ကောင်းပေမယ့် ကျွန်တော်ကတော့ ရိုဘိုကို လုံးဝ သံသယမရှိဘူး။

ကျွန်တော်တို့က သူတို့နှစ်ယောက်ကြားက ပြင်းပြလေးနက်မှုတွေကို မျှဝေခံစားပါတယ်။ ဆီမီကက်စ်ရဲ့ တိုးတက်မှုအတွက် တကယ်ကို ပျော်ရွှင်ကျေနပ်မိပေမယ့် ရိုဘိုက ရော်ဘိုပါပဲ။ သူ့စွမ်းဆောင်ရည်တွေ ကျသွားလားဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် အ့ဒါက ကျွန်တော့်စိတ်ကို မပြောင်းလဲစေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ ဒီလူကို ယုံပြီး နောက်နေ့ကျတော့ မယုံတော့ဘူးလုပ်လို့ မရပါဘူး။

လူရွေးချယ်ရတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါပေမယ့် ဆီမီကက်စ်က သူ တိုးတက်လာတယ်ဆိုတာကို ပြသနေတယ်။ ရိုဘိုက အသင်းမှာ အသားကျဖို့ နှစ်ဝက် အချိန်ယူခဲ့ရတယ်။ ဆီမီကက်စ်က တစ်နှစ်လောက် လိုအပ်ခဲ့တယ်။ ဒါပေမယ့် အခု သူ ဘယ်လောက်တော်လဲဆိုတာ ကျွန်တော်တို့ မြင်နေရပါပြီ။ ကျွန်တော်တို့အတွက် သတင်းကောင်းပါပဲ”လို့ ကလော့ပ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။