လီဗာပူးခံစစ်မှူးဟောင်း ဒန်နီရယ် အဂ္ဂါက ၂၀၁၂ နွေမှာ ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းအကြောင်းကို ထုတ်ပြောလာခဲ့ပါတယ်။

အဂ္ဂါဟာ လီဗာပူးခံစစ်မှာတော့ စကာတယ်နဲ့ တွဲဘက်ရာမှာ ထင်ရှားခဲ့သလို သူ၊ စကာတယ်၊ ကာရေဂါတို့ ပါဝင်တဲ့ ခံစစ်ကြောင်းဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး ခံစစ်ကြောင်းလည်း ဖြစ်ခဲ့သေးတာပါ။ စကားတယ်နဲ့ တွဲဘက်မှုကတော့ ပိုမို ထင်ရှားခဲ့ပြီး ပီပီရေနာတစ်ယောက် ရွှေလက်အိတ်ဆုကို နှစ်နှစ်ဆက်တိုက် ရခဲ့ရာမှာ ဗဟိုခံစစ်မှူးတွေရဲ့ တောင့်တင်းမှုက အဓိက ကျခဲ့ပါတယ်။

လီဗာပူးရဲ့ ကျောက်ဆောင်လို့ နာမည်ရခဲ့တဲ့ အဂ္ဂါဟာ လက်ထောက်အသင်းခေါင်းဆောင်ပါ တာဝန်ပေးခံရသလို ၂၀၁၂ မှာတော့ ထိုစဉ် ဟုန်းဟုန်းတောက်နေတဲ့ ဘာစီလိုနာက ဒိန်းမတ်သားကြီးကို အရခေါ်ယူဖို့ ကြိုးစားခဲ့သေးတာပါ။ အဆိုပါ ဈေးကွက်မှာပဲ ပရီးမီးယားလိဂ်မှာ ကစားသမားကောင်းတွေကို ငွေကြေးကြီးတွေဖြင့် ခေါ်ယူနေတဲ့ မန်စီးတီးကလည်း သူ့ကို ကမ်းလှမ်းခဲ့ပါသေးတယ်။

လီဗာပူးရဲ့ သစ္စာရှင်အဖြစ် ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ အဂ္ဂါက ဘာစီလိုနာထံ ပြောင်းဖို့ အကုန်လုံး သဘောတူထားခဲ့ပေမယ့် ကလပ်ဘက်က အပြီးသတ် ညိနှိုင်းမှုခဲ့ခြင်းတွေနဲ့အတူ ဇာတ်ကြောင်း အနည်းငယ်ကို လီဗာပူးသတင်းထောက် James Pearce နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဝန်ခံသွားခဲ့ပါတယ်။

အဂ္ဂါက “ လီဗာပူးမှာ နေရာတာကို ကျနော် နှစ်သက်ခဲ့တယ်။ ကျနော် မိသားစုကလည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ဘရန်ဒန် ရော်ဂျာက ကျနော်ကို အလိုရှိတယ်ပြောပြီး တကယ် အလိုရှိတဲ့ပုံ မပေါ်ခဲ့ပါဘူး။

ဘာစီလိုနာကို ပြောင်းဖို့ ဘယ်လောက် နီးစက်ခဲ့တယ်ထင်လဲ? စာချုပ်က ကျုပ်ရှေ့မှာ ရှိနေခဲ့တာပါ။ ကျနော်ဘက်က လက်မှတ်လေး ထိုးပေးဖို့ပဲ ကျန်တော့တာပါ။ လီဗာပူးနဲ့ ဘာစီလိုနာက အပြောင်းအရွှေ့အတွက် ဈေးနှုန်းတောင် သဘောတူညီမှု ရခဲ့ပြီးပါပြီ။ ခံစစ်သမားတစ်ယောက်အတွက် သိပ်များတဲ့ ပမာဏ (ပေါင် ၁၇ သန်း) တစ်ရပ်ထင်ပါတယ်။

လီဗာပူးက သဘောတူခဲ့သလို ကျနော်ကလည်း ကိုယ်အပိုင်းတွေမှာ သဘောတူခဲ့တယ်။ လုပ်ခတော့ လျော့ယူပေးရတယ်ထင်တယ် ဒါပေမယ့် ကျနော်က ရတယ် အဆင်ပြေတယ်ပေါ့။ ကျနော် လက်မှတ်ထိုးမယ့်နေ့မှာ မန်စီးတီးက ပိုကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝင်ကမ်းလှမ်းလာတယ်။ လီဗာပူးဘက်က မန်စီးတီးက ဒီလောက်ထိ တိုးပေးနေပြီဆိုပြီး ဘာစီလိုနာကို ကြေးပြင်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဘာစီလိုနာဘက်က ‘ေ-ာက်ရေးမပါတာကွာ။ ငါတို့ ပြောင်းရွှေ့ကြေး သဘောတူထားပြီလေ၊ အခုမှတော့ မင်းတို့ ပြောင်းလို့မရလား’ လို့ တုန့်ပြန်ခဲ့တယ်။ ကျနော် အေးဂျင့်ကလည်း ဘာစီလိုနာက မန်စီးတီးနဲ့အတူ ကြေးပြိုင်လိုက်ဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်။ ဒီတော့ ကျနော်ကလည်း ကလပ်ကို ‘ စီးတီး ဘယ်လောက်ပေးပေး စိတ်မဝင်စားဘူး၊ စီးတီးကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ အဲ့ကိစ္စကို မေ့လိုက်တော့’ လို့ အကြောင်းပြန်ခဲ့တယ်။

လီဗာပူးက ကျနော်ကို စီးတီးထံ ပြောင်းဖို့ သုံးကြိမ်လောက် နားချခဲ့တယ်။ စီးတီးကလည်း ကြေးကို ထပ်ထပ်ပြီး တိုးပေးနေတာလေ။ သူတို့က ကျနော်ကို ခေါ်ယူချင်ခဲ့တယ်။

ကျနော်က လုံးဝ မပြောင်းဘူးဘဲ။ လီဗာပူးရဲ့ ပြည်တွင်းပြိုင်ဘက်ကို ကျနော် ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ ကျနော် ပြောင်းမယ်ဆိုရင် ဘာစီလိုနာကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ထားတယ်။ လီဗာပူးနဲ့ ဘာစီလိုနာကြား စာချုပ်ကိစ္စက ပျက်သွားခဲ့ပါတယ်။

လီဗာပူးမှာ ဆက်နေရတာအတွက် ကျနော်က ပြဿနာ မရှိဘူး။ ဘာစီလိုနာကို ပြောင်းခွင့်မရတာအတွက် ကျနော် ပိုပြီး ပေါက်ကွဲပြလို့ ရပါတယ် ဒါပေမယ့် အဲ့တာက ကျနော် ပုံစံမှ မဟုတ်ဘဲ။ ကျနော် လီဗာပူးကို ချစ်တယ်၊ ကျနော် ကစားသမားကိုလည်း လီဗာပူးပဲ ကုန်ဆုံးချင်တာပါ။ ဒါပေမယ့် မန်နေဂျာက ကိုယ်ကို အလိုရှိဖို့ လိုခဲ့တာပေါ့။

အကယ်လို ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ဖြစ်လာမယ့် ကိစ္စကို ကျနော် ကြိုသိခဲ့မယ်ဆိုရင် အဲ့မတိုင်ခင် နွေတုန်းက ကမ်းလှမ်းမှုဖြစ်တဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ကျနော် လက်ခံခဲ့မှာပါ ” လို့ ပြောပြသွားတာ ဖြစ်ပါတယ်။

အဂ္ဂါဟာ ၂၀၁၄ နွေမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၃ သန်းနဲ့တင် လီဗာပူးကနေ ထွက်ခွာပြီး ဒိန်းမတ်ကို ပြန်သွားခဲ့ပါတယ်။ သူဟာ ကာလရှည် ဒဏ်ရာ များစွာနဲ့အတူ နောက်ကျော နာကျင်မှုတွေကြောင့် ကစားသမားဘဝကို ဒိန်းမတ်မှာပဲ ခပ်မြန်မြန်လေး အဆုံးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။