အန်ဖီးမှာ ရင်ဆိုင်ကစားတဲ့ ဆောက်သမ်တန်ပွဲမှာ လီဗာပူးအသင်းဟာ ဂျိုတာ (၂ ဂိုး)၊ သီယာဂို၊ ဗန်ဒိုက် သွင်းဂိုးတွေနဲ့အတူ ၄-၀ ဖြင့် အနိုင်ရပြီး ချယ်ဆီး၊ မန်စီးတီးပွဲတွေ မတိုင်ခင် အမှတ်ပေးဇယားထိပ်က ချယ်ဆီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာကို ရယူလာခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ရာသီစတုန်းက ဒီရာသီအတွက် သူ့စိတ်ကြိုက် ကွင်းလယ်အတွဲလို့ နာမည်ကြီးခဲ့တဲ့ ဟန်ဒါဆန်၊ သီယာဂို ဖာဘင်ညိုအတွဲကို ဒီပွဲမှာ ထုတ်သုံးလာခဲ့ပါတယ်။ ခံစစ်မှာတော့ ကိုနတေးကို ဆက်ပြီး နေရာပေးခဲ့သလို ဘယ်အစွန်မှာ ရော်ဘတ်ဆန်ကို ပွဲထုတ်ခဲ့တယ်။ ကျန်နေရာတွေမှာတော့ အဓိက ကစားသမားတွေ အားလုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ပွဲအစမှာတင်ပဲ ဘယ်ခြမ်းက ဂျိုတာ၊ မာနေး၊ ရော်ဘတ်ဆန် တွဲလုံးကနေ ရော်ဘတ်ဆန် ဧရိယာထဲ ဝင်ရောက်ပြီး ချပေးတဲ့ ဘောလုံးကို ဂျိုတာ ပိတ်သွင်းပါတယ်။ ဂိုးရယူအပြီး ဂျိုတာက ဂိမ်းနှိပ်တဲ့ ပုံစံ အောင်ပွဲခံခဲ့ပါသေးတယ်။ အဖွင့်ဂိုးကို ခပ်စောစော ရခဲ့ပေမယ့် ပွဲက ထင်သလောက် မလွယ်ခဲ့ဘဲ အပြန်အလှန် ကစားမှုတွေ ရှိခဲ့တယ်။

ဆောက်သမ်တန် ကစားပုံက ဟာကွက်များပေမယ့် လီဗာပူးဘက်က ဖာဘင်ညို အရှိန်နှုန်းနဲ့ ကစားနိုင်စွမ်း နည်းနည်းကျနေပြီး ကိုနတေး အထိုင်သိပ်မကျတဲ့ အခြေအနေမှာ စိန့်ဘက်က အခွင့်အရေး အချို့ရနေခဲ့တာဖြစ်တယ်။ မြင်သာတဲ့ ဖြစ်ရပ်အဖြစ် ကိုနတေး အဝင်နှေးရာက ဧရိယာထဲထိ ပေါက်လာတဲ့ ထိုးဖောက်မှု အယ်လီဆန် ကောင်းကောင်းမွန်မွန် ကာကွယ်ခဲ့ရပါတယ်။

ပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ အဆုံးသတ်ပိုင်း ဧရိယာကို လွှမ်းမိုးကစားနိုင်မှုမှာတော့ လီဗာပူးက သာလွန်ခဲ့တယ်။ ထရန့်ရဲ့ ညာခြမ်းတင် မဟုတ်ဘဲ ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းနဲ့ သီယာဂို၊ ဟန်ဒိုတို့ကို အလယ်ဘက်ကနေ ဧရိယာထိပ်က နေရာလွတ်တွေကနေ ပါဝင်ကစားမှုတွေ လုပ်စေခဲ့ပါတယ်။

ဒုတိယဂိုးကတော့ ဟန်ဒါဆန်၊ ဆာလာ တွဲဘက်မှုကနေ ဂျိုတာကပဲ ဧရိယာထဲမှာ ပိတ်သွင်းခဲ့တာပါ။ အဲ့ဂိုး မတိုင်ခင် ပွဲက အတော်လေး ကြပ်နေခဲ့တာဖြစ်ပြီး ဒုတိယဂိုးရခဲ့တာက အတော်လေး အခြေအနေ ကောင်းစေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကွင်းလယ်ကနေ ဧရိယာထိပ်ထိ ပြေးတက်လာတဲ့ သီယာဂိုက ရလာတဲ့ အခွင့်အရေးမှာ စိန့်ကစားသမား တစ်ဦးကို လှိမ်ခေါက်ပြီး အပြင်းကန်သွင်းမှု နောက်ထပ် စိန့် ကစားသမား တစ်ဦးနဲ့ ထိ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်ခဲ့တယ်။

ပထမပိုင်းမှာတင် ဂျိုတာဟာ ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေးတွေရခဲ့သေးသလို ဆာလာ၊ မာနေးတို့ကလည်း အခွင့်အရေးတွေ ရခဲ့ပေမယ့်လို့ ၃-၀ ဖြင့်ပဲ ပထမပိုင်း ပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ထရန့်ရဲ့ ထောင့်ကန်ဘောကနေ ဗန်ဒိုက် ဧရိယာထဲ ပိတ်သွင်းခြင်းကြောင့် ၄-၀ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပွဲက ခပ်စောစော ပြတ်နေခဲ့ပါပြီ။ ဒါကြောင့် သီယာဂိုကို ခပ်စောစော ထုတ်ပြီး ချိန်ဘာလိန်ကို ဝင်ကစားစေခဲ့သလို ထပ်ပြီးလည်း ဟန်ဒါဆန်နေရာ မီလ်နာ ဝင်ကစားစေခဲ့တယ်။

ဆောက်သမ်တန်ဘက်က ပွဲကို ပြန်မလာနိုင်တော့ဘူးဆိုတာ နားလည်သွားတာကြောင့် ထိုးဖောက်ဖို့ထက် ခံစစ်ကို သိပ်သိပ်သည်းသည်း ကစားဖို့ပဲ ပြင်ဆင်လာခဲ့တယ်။ လီဗာပူးအသင်း အစွန်တွေ ဧရိယာထိပ်တွေမှာ ဘောလုံးကစားခွင့် ရပေမယ့်လို့ ဧရိယာထဲ အတော်လေး ဝင်ရခက်ခဲနေခဲ့ပါတယ်။

ဒီပွဲမှာ အယ်လီဆန် အာရုံစိုက်မှုကောင်းစွာဖြင့် စိန့်ရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားခဲ့လို ဖာဘင်ညိုရဲ့ ဘောလုံး ရှင်းထုတ်မှု၊ ခံစစ်က အပိုင်း အခွင့်အရေးတွေကို ကာကွယ်မှုတွေကလည်း အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ တစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ကောင်းမွန် ပြည့်စုံတဲ့ နိုင်ပွဲဖြစ်ပြီး လာမယ့် ပွဲအဖြစ်တော့ အဲဗာတန်ကွင်းမှာ မာဆေးဆိုဒ်ဒါဘီ ကစားရမှာဖြစ်ပါတယ်။