မန်နေဂျာကလော့ပ်က တိုက်စစ်က ပွဲတိုင်း ဂိုးတွေအများကြီး သွင်းပေးနေမှာ မဟုတ်ဘဲ ခံစစ်က အဆုံးအဖြတ်ပေးမယ့် ကာလတွေ ရှိလာမှာဖြစ်လို့ ဆောက်သမ်တန်ပွဲက ခံစစ်အမှားတွေ ထပ်မလုပ်မိဖို့ လိုတယ်လို့ သတိပေးလိုက်ပါတယ်။

ကွင်းလယ်လူ သီယာဂိုရဲ့ ဘောလုံးအပေးမှားမှု၊ ကိုနတေးရဲ့ ကောင်တာတိုက်စစ် ဟန့်တားပုံ လိုအပ်ချက်တွေဟာ ပထမပိုင်းမှာ မြင်သာတဲ့ အမှားတွေဖြစ်ခဲ့တယ်။ အယ်လီဆန်ဟာ ဆောက်သမ်တန်ဘက်က ထိုးဖောက်မှုကို တစ်ဦးချင်း အနေအထားဖြင့် မကြာခဏ ရင်ဆိုင်ခဲ့ရပြီး ဒါလို ကိစ္စမျိုး မဖြစ်သင့်ဘူးလို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။

ကလော့ပ်က ” မနှစ်ကရာသီ ခံစစ်ပိုင်း အထိုင်မကျမှုတွေနဲ့အတူ ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တယ်။ အဲ့တုန်းက ခံစစ်မှူးနေရာ ကစားခဲ့ရတဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ဟာ အခုတော့ အသင်းမှာ နံပါတ် ၆ နေရာ နှစ်ဦးတွဲ ပုံစံတောင် ကစားနေရပါတယ်။ အဲ့အပိုင်းက ပြဿနာဖြစ်ခဲ့တာပါ။ ကျနော်တို ရစ်သမ်မှန်မှန် မကစားနိုင်ခဲ့ဘူး။ ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ လိုခဲ့ပြီး ဒီနှစ်တော့ ရှာတွေ့ခဲ့ပါပြီ။

ဒီနှစ်မှာ ကျနေ်ာတို့ ရာသီကြိုကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ စစ်မှန်တဲ့ ရာသီကြိုကို လုပ်နိုင်ခဲ့တာက အကူအညီဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်က ဆာလာနဲ့ မိုတို့ဟာ သူတို့ရဲ့ လီဗာပူးကစားသမားဘဝ အချိန်အကြာဆုံး ရာသီကြိုကို ပိုင်ဆိုင်ခဲ့ကြတယ်။ အဲ့တာက အကူအညီဖြစ်ပါတယ်။

တည်ငြိမ်မှုရှိဖို့က အရေးကြီးပါတယ်။ ဒီနေ့ပွဲမှာ ကျနေ်ာတို့ ကန်သွင်းခွင့်တွေ ပြုနေရတဲ့အပေါ် မပျှော်ဘူးလို့ ရိုးရိုးသားသား ဝန်ခံပါတယ်။ အယ်လီ ကာကွယ်မှုတွေ လုပ်ပေးရတာအတွက်တော့ ပြဿနာ မရှိပါဘူး။ သူ့ကာကွယ်မှုတွေက သိပ်ကို ကောင်းပါတယ်။

ပွဲတစ်ပွဲမှာ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့မှု နှစ်ကြိမ်လောက် ဖြစ်ခဲ့တယ်ဆိုတာ သိပ်ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကျနေ်ာတို့ အလုပ်လုပ်ဖို့လိုပါတယ်။ ဖြစ်နိုင်သလောက် အညှာအတာကင်းကင်းနဲ့ကို အလေးအနက်ထား ခံစစ်ကစားဖို့ လိုပါတယ်။

ဒါက ကျနေ်ာတို့ ကစားရမယ့် ဘောလုံးရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ ပြီးမှ ဖန်တီးမှုတွေ လုပ်ရမယ် ဂိုးတွေ သွင်းရပါမယ်။ တစ်ပွဲကို နှစ်ဂိုးလောက် သွင်းနေတာမျိုးကို ကျနေ်ာတို အမြဲတမ်း လုပ်နေနိုင်မှာ မဟုတ်ပါဘူး။ အခုလို လုပ်နေတာက ကောင်းပေမယ့် ပွဲကို ၁-၀ ဖြင့် အနိုင်ရမယ်ဆိုရင်လည်း ပျော်ရွှင်မှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။