လီဗာပူးအသင်းက အန်ဖီးကွင်းမှာ ဆောက်သမ်တန်ကို ဧည့်ခံကစားပြီး ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုး၊ သီယာဂို၊ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှ ပြောစရာ ကိစ္စ အချို့ကို ကောက်နုတ် ဖော်ပြမှာဖြစ်ပါတယ်။

အပြောင်းအလဲများ

ကြားရက်ချန်ပီယံလိဂ် လူစာရင်းကို ၆ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ထရန်၊ ရိုဘို၊ ဗန်ဒိုက်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဂျိုတာတို့အားလုံး ပါဝင်လာခဲ့ပါတယ်။ ကစားသမားတိုင်းက ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ကလော့ပ်အနေနဲ့ အလှည့်ကျ ပွဲထုတ်မှုနဲ့အတူ ခြေစွမ်းခြေစ တက်ကြွမှုကို ထိန်းသိမ်းပြီး နည်းဗျူဟာပိုင်းမှာလည်း အမျိုးမျိုး အသုံးချလို့ရနေပါတယ်။

အခုကနေ အက်ဖ်အေဖလားစတဲ့ အချိန်ကြား ပွဲကျပ်ကာလတွေလာဖို့ ရှိနေတာကြောင့် လူစာရင်း အပြောင်းအလဲက ပုံမှန်မြင်တွေ့ရမယ့် ကိစ္စတစ်ခုဖြစ်နေမှာပါ။

အကောင်းဆုံးပုံစံရနေတဲ့ ဂျိုတာ

ပွဲအစ ၂ မိနစ်မှာတင် ဂိုးသွင်းခဲ့ပေမယ့် သူဟာ အဲ့မတိုင်ခင်ကတည်းက တန်ပြန်တိုက်စစ်ဆင်မှုကနေ ဂိုးရနိုင်ခြေ ရှိစေခဲ့တာပါ။ မကြာခင်အတွင်း အဆုံးသတ်မှုတစ်ခုက ကောာင်းမွန်ခဲ့ပြီး ပိုကောင်းတဲ့ လှုပ်ရှားမှုကြောင့် ဦးဆောင်ဂိုး ရရှိခဲ့သလို နောက်ထပ် ၁၅ မိနစ်အတွင်း တိုက်စစ်ဆင်မှုတွေလည်း ထပ်မံမြင်တွေ့ခဲ့ရပြီး ဂိုးတွေထပ်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။

သူ့ထံ ပေးပို့ရာမှာ အားနည်းမှု တစ်ကြိမ်၊ နှစ်ကြိမ်လောက် မြင်ခဲ့ရသလို ဧရိယာအတွင်း လူကပ်မခံထားရစဉ်အတွင်း ၅ ကိုက်ကွာကနေ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ဂျိုတာဟာ အဆုံးသတ်ခွင့်တွေ ထပ်ရသေးပေမယ့်လို့ လွဲချော်ခဲ့တာကြောင့် ဟက်ထရစ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ လီဗာပူးမှာ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင် ၃ ယောက်တောင် ရှိနေခဲ့ပြီး ဆာလာ (၁၁ဂိုး)၊ ဂျိုတာနဲ့ မာနေးတို့က လက်စတာရဲ့ ဗာဒီနဲ့အတူ (၇ဂိုး) သွင်းယူထားပြီး ဦးဆောင်နေကြတာဖြစ်ပါတယ်။

ပွဲထိတွေ့ခွင့် ပိုရလာတဲ့ ကိုနတေး

ကိုနတေးအတွက် နောက်ထပ် ပွဲထွက်ခွင့်ရခဲ့ပြီး စိတ်ဝင်စားစရာ စွမ်းဆောင်ရည်နဲ့အတူ သူ့ရဲ့ အားနည်းချက် အချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ထရန့်ဆီက အနီးကပ် လက်ပစ်ဘောကြောင့် နောက်ပြန်ဆုတ်မလား ဒါမှမဟုတ် ခုန်ပြီး ရှင်းထုတ်မလားဆိုတာ စဉ်းစားစရာဖြစ်ခဲ့ပေမယ့် သူက တစ်ခုခုကို ပြတ်ပြတ်သားသား မလုပ်နိုင်တာကြောင့် ဧရိယာထဲထိ တိုက်ရိုက် ထိုးဖောက်ခံရချိန်မှာ အယ်လစ်ဆန် ကာကွယ်သွားခဲ့ပါတယ်။

ဘောလုံးဖျက်ထုတ်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပြီး သူဟာ ပုံမှန်ကစားချိန် မရတာကြောင့် အနည်းငယ် ယုံကြည်မှု နိမ့်ပါးနေနိုင်ပါတယ်။ အကောင်းမြင်စရာက ပွဲဆက် နှစ်ပွဲလုံးမှာ လီဗာပူးအတွက် clean sheet ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သိပ်မကောင်းတာကတော့ ခံစစ်ပေါက်မှုတွေ မြင်ခဲ့ရသလို တိုက်စစ်အတွက်လည်း မာတစ်လို တိုက်ရိုက်ပေးမှုတွေမှာ အားနည်းခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုရင် သိပ်မဆိုးလှတဲ့ ခြေစွမ်းပိုင်အရ အမှားအချို့ကို သင်ယူနိုင်ခဲ့မယ် မျှော်လင့်ရပြီး ကလော့ပ်ရဲ့ ယုံကြည်မှုကို ပိုရရှိလာနိုင်ဖွယ် ရှိပါတယ်။

ဘယ်အစွန်နေရာက ပြိုင်ဆိုင်မှု

ဆီမီကက်စ်က ဒီရာသီ ဘယ်အအွန်နေရာမှာ ပိုကေင်းကောင်း လုပ်ပြခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ သူ့ကို အခွင့်အရေး အနည်းငယ်ပေးခဲ့ပေမယ့် ကလော့ပ်ကတော့ အန်ဒီ ရော်ဘတ်ဆန်ကိုသာ ပထမဦးစားပေးအနေနဲ့ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ရောဘတ်ဆန်က အကောင်းဆုံးပုံစံတွေ ပြန်ရလာပြီး မာမာထန်ထန် ဖျက်ထုတ်မှုတွေ၊ တိုက်စစ်ကို လျင်လျင်မြန်မြန် ဖြိုခွဲမှုတွေအပြင် ပြိုင်ဘက်ခံစစ်ကို ခြိမ်းခြောက်ဖို့ သူ့ရဲ့ ပေးပို့မှုတွေနဲ့ ပံ့ပိုးပေးခဲ့တာပါ။

ဒါက အသင်းမှာ နေရာပြိုင်ဆိုင်မှုရှိနေခြင်းရဲ့ ကောင်းကျိုးပါပဲ။ တစ်ယောက်က နေရာပုံမှန်ရဖို့ ကွင်းထဲမှာ ကောင်းကောင်းကစားနေရင် ကျန်တစ်ယောက်အတွက်လည်း ပိုတိုးလာအောင် ကြိုးစားဖို့ တွန်းအားဖြစ်စေပါတယ်။

ရော်ဘတ်ဆန် စရောက်လာတုန်းက မိုရီနိုရဲ့ ဒဏ်ရာရနေချိန်မှာ အခွင့်အရေးယူပြီး တောက်ပခဲ့သလို အခု ဆီမီကက်စ်ကလည်း အလားတူ နေရာရဖို့ ကြိုးစားမှာ ဖြစ်တာကြောင့် နှစ်ယောက်လုံးက ပိုကောင်းလာအောင် လုပ်လေလေ လီဗာပူးအတွက် အကျိုးရလေလေပါပဲ။

နောက်ထပ်ကစားရမယ့် ရာဖာနဲ့ ဒါဘီပွဲ

လာမယ့် ပရီးမီးယားလိဂ်ပွဲက အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီဖြစ်ပြီး နည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်နဲ့ ပြန်တွေ့ရမှာပါ။ သူတို့က တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၆ ပွဲလုံး နိုင်ပွဲမရသေးပါဘူး။ ဒါကြောင့် နာကျင်ပြီး စိတ်အာထက်သန်နေတဲ့ ပရိသတ်တွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိသလို၊ ဘရန့်ဖို့ဒ်ကို အနိုင်ရပြီး ယုံကြည်မှု မြင့်တက်လာတဲ့ အသင်းနဲ့လည်း ရင်ဆိုင်ရဖွယ်ရှိပါတယ်။

အနားယူချိန် တစ်ရက်ပိုရပြီး အရည်အသွေးပိုရှိတဲ့ ကစားသမားတွေနဲ့ ဒဏ်ရာပြဿနာ သိပ်မရှိတော့တာက လီဗာပူးအတွက် အတော်လေးကို အကောင်းမြင်စရာ ဖြစ်ပါတယ်။ တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူနိုင်တဲ့ မှတ်တမ်းကို ဆက်လက် တည်တံ့အောင်လုပ်ပြီး အောင်ပွဲခံဖို့ နောက်ထပ် အနိုင် ၃ မှတ် ရယူဖို့ လိုပါလိမ့်မယ်။