အာဖရိက နေးရှင်းဖလားကြောင့် ဇန်နဝါရီ ၂ ရက်မှာ ချယ်ဆီးနဲ့ ကစားရမယ့်ပွဲအတွက် ဆာလာ၊ မာနေး၊ ကိတ်တာတို့ ပါဝင်နိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး လီဗာပူးဘက်က သေချာမသိရသေးပါဘူး။

လီဗာပူးဟာ နှစ်သစ်ရဲ့ ပထမဆုံးပွဲကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားကစားရမှာဖြစ်ပြီး အဲ့ဒီ့ပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနေရာ ပြိုင်ဆိုင်မှုအတွက် ခက်ခဲတဲ့ စစ်ဆေးခြင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ မနေ့က ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့နောက် လီဗာပူးနဲ့ ချယ်ဆီးတို့က အဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတာဖြစ်တယ်။

နှစ်သစ်ကူးမှာ တွေ့ကြမယ့် ထိပ်တိုက်တွေ့ဆုံမှုက ဒီရာသီရဲ့ အရေးအပါဆုံး ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ အခုကနေ အဲ့ဒီ့အချိန် မတိုင်ခင်အထိ ကြားမှာ ပွဲတွေအများကြီး ကစားရဦးမှာဖြစ်ပေမယ့် ကလော့ပ်ရဲ့ ကစားသမား သုံးယောက် ပါဝင်နိုင်ခြေနဲ့ ပတ်သက်ပြီး ပြောဆိုစရာတွေ ရှိနေသေးတာပါ။

အာဖရိက နေးရှင်းဖလားကို ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အတွင်း ကင်မရွန်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပါဝင်ကစားရမယ့်သူတွေက ဒီဇင်ဘာ ၂၇ ကတည်းက အဲ့ဒီ့ကို ရောက်ရှိနေဖို့လိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆာလာ၊ မာနေးနဲ့ ကိတ်တာတို့ဟာ ဒီဇင်ဘာ ၂၈ လက်စတာနဲ့ပွဲ၊ ဇန်နဝါရီ ၂ ရက် ချယ်ဆီးနဲ့ပွဲတွေကို လွဲချော်ရနိုင်သလို ပုံစံကောင်း ရရှိနေတဲ့ တိုက်စစ်မှူး ၂ ယောက်မရှိတော့ရင် လီဗာပူးအတွက် အဓိက ထိုးနှက်မှုတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ကလော့ပ်က ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ ဆိုပါတယ်။

“ဒါကို ရှင်းဖို့က စောပါသေးတယ်။ ကျွန်တော်တို့ စကားပြောနေကြတုန်းပါ။ ကျွန်တော်တို့အတွက် သူတို့တွေ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ချယ်ဆီးနဲ့ပွဲက အာဖရိက နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ဆာလာ၊ မာနေး၊ ကိတ်တာတို့ သုံးယောက် ကစားရမယ့် အချိန်မတိုင်ခင် ၇ ရက်အလိုမှာ ဖြစ်တာကြောင့် လီဗာပူးအတွက် သူတို့ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်စရာလည်း ရှိနေတာပါ။

ဒါ့အပြင် လက်ရှိ တောင်အာဖရိကမှာဖြစ်နေတဲ့ အသွင်းပြောင်း ကိုဗစ်ဗိုင်းရပ်စ် ကိစ္စတွေကြောင့် ကင်မရွန်းကပြိုင်ပွဲအပေါ် စိုးရိမ်ရမှုတွေလည်း ရှိနေပါတယ်။

စနေနေ့မှာ အင်္ဂလန်အစိုးရက တောင်အာဖရိကမှာ ပေါ်ပေါက်လာတဲ့ အိုမီခရွန် ပိုးအသစ်ကြောင့် ဘော့စ်ဝမ်နာ၊ လီဆိုသို၊ အက်စ်ဝါတီနီ၊ ဇင်ဘာဘွေ၊ နမ်မီဘီးယား တို့အားလုံးကို ခရီးသွားလာဖို့အတွက် အနီရောင်အနေနဲ့ တားမြစ်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

အာဖရိကအတွင်း ခရီးသွားလာခွင့် ပိတ်ပင်မှုတွေလည်း ရှိနေသေးတာကြောင့် စီစဉ်ထားသလိုမျိုး ဒီပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့က ပိုပြီးတော့တောင် ခက်ခဲသွားတာ ဖြစ်ပါတယ်။