လီဗာပူးဟာ စနေနေ့ပွဲမှာ ထပ်မံ ဂိုးမြူးခဲ့ပြီး ဆောက်သမ်တန်ကို ၄-၀ ဖြင့် အနိုင်ရခဲ့တာပါ။ အခုဆိုရင် ဒီရာသီ လိဂ်ပွဲ ၁၃ ပွဲအတွင်း ၃၉ ဂိုးအထိ ရရှိခဲ့သလို ဒါဟာ ကလပ်သမိုင်းတလျှောက် ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဒီလိုအဆင့်မှာ အများဆုံး သွင်းဂိုးပမာဏ ဖြစ်ခဲ့ပါတယ်။

လီဗာပူးဟာ ပြိုင်ပွဲစုံ ၁၇ ပွဲဆက် ၂ ဂိုးနဲ့အထက် သွင်းယူထားတာလည်းဖြစ်တာကြောင့် ၁၉၂၇ တုန်းက ဆန်းဒါးလန်းအသင်း တင်ရှိထားတဲ့ စံချိန်ကို လိုက်မီတဲ့ ပထမဆုံး အင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လာမယ့် အမှတ်ပေးပွဲမှာ အနည်းဆုံး သွင်းဂိုး ၂ ဂိုး ရယူနိုင်မယ်ဆိုရင် ဆန်းဒါးလန်းရဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်မှာဖြစ်တယ်။

ဆောက်သမ်တန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျိုတာရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် false nine နေရာ ကစားခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို ချီးကျူးခဲ့ပြီး သူဟာ လီဗာပူးအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်က “ ဂျိုတာက သူများနဲ့မတူအောင် ထူးချွန်တဲ့ ကစားသမား၊ ထူးချွန်တဲ့ ကောင်လေး။ အသင်းရဲ့ ပြီးပြည့်စုံတဲ့ ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက လီဗာပူးကစားသမား တစ်ယောက်အနေနဲ့ အသင်းမှာ ပါဝင်ရဖို့ လိုအပ်တဲ့ အရာအားလုံး ရှိနေသူပါ။

နည်းစနစ်စကေး၊ ကြံ့ခိုင်မှုစကေးတွေနဲ့ သူက သိပ်ကို ထက်မြက်ပြီး နည်းဗျူဟာအားလုံးကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်။ နေရာစုံမှာလည်း ကစားနိုင်တယ်။ အဲ့ဒါက အသင်းအတွက် အရမ်းကို အကူအညီ ဖြစ်ပါတယ်။ အခြေအနေတွေကို အဆုံးသတ်ဖို့ လျင်မြန်မှုနဲ့ ဦးတည်ချက်လဲ ရှိပါတယ်။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းက သိပ်ကို အထင်ကြီးစရာ ကောင်းတယ်”လို့ မှတ်ချက်ပေးခဲ့တာပါ။

သက်သက်သာသာ အနိုင်ရခဲ့ပေမယ့် အယ်လစ်ဆန်က ပြိုင်ပွဲစုံ ၃ ပွဲဆက် clean sheet ကို ထိန်းသိမ်းဖို့ ကောင်းမွန်တဲ့ ကာကွယ်မှုများစွာ လုပ်ခဲ့ရတာနဲ့အတူ လီဗာပူးဟာ ပိုပြီးတော့တောာင် ကောင်းကောင်းကစားလို့ ရခဲ့သေးတယ်လို့ ကလော့ပ်က ပြောဆိုခဲ့ပါသေးတယ်။

“ ဆောက်သမ်တန်ပွဲက ကျွန်တော်တို့ လိုချင်တဲ့ ဦးတည်ရာအတိုင်း အတိအကျ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို အများကြီး ထိန်းချုပ်ခဲ့တယ်။ ပွဲအပြီးမှာ ကောင်လေးတွေကို ကျွန်တော် ပြောခဲ့တယ်။ အခု ၄ ဂိုးပြတ်နိုင်ပြီပဲ၊ ငါတို့ဘာကို ညည်းရဦးမှာလဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီ့ထက်ပိုပြီး ကောင်းကောင်း ကစားလို့ရနိုင်ပါတယ်။

အယ်လစ်ဆန်ရဲ့ ကာကွယ်မှုတွေက လက်ဖျားခါလောက်စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် တော်တော်များများတော့ ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့မှာ ကောင်းမွန်တဲ့ အခိုက်အတန့်များစွာ ရခဲ့တယ်။ ပရိသတ်တွေ ပျော်ရွှင်ခဲ့မယ်ထင်ပါတယ်။ ဒီနေ့ ရာသီဥတုက အေးခဲ့တာကြောင့် သူတို့ကို နွေးထွေးမှုတချို့ ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဆိုပြီး ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။