မန်နေဂျာ အိုလီဆိုးရှားကတော့ ကလပ်အသင်းမှာ ဆက်ထားဖို့ရာ သူအလိုမရှိတော့ ကစားသမားစာရင်းကို ကလပ်အသင်းကို ပို့ထားရာမှာ ပရိသတ်တွေ မျှော်လင့်ထားတာထက် များပြားနေပါတယ်။

ဆိုးရှားက ကလပ်အသင်း တာဝန်ရှိသူတွေကို သူအလိုမရှိတဲ့ ကစားသမားတွေကို ၁၂ လ အတွင်း ရှင်းထုတ်ပေးဖို့ တောင်းဆိုထားပြီး အသင်းသား ၁၄ ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။ ဒါဟာ အသင်းပရိသတ်တွေ မျှော်လင့်ထားတဲ့ အရည်အတွက်ထက် များပြားနေတာပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှူံးစေခဲ့တဲ့ ရာသီနှောင်းပိုင်း စွမ်းဆောင်ရည်တွေကို မန်နေဂျာထိုင်ခုံကနေ ကြည့်ခွင့်ရခဲ့တဲ့ ဆိုးရှားဟာ အတော်လေး စိတ်ပျက်နေခဲ့ပါတယ်။ အင်တာဗျူးတွေမှာ မန်ယူဂျာစီဝတ်ပြီး ပေးဆပ်လိုစိတ် မရှိတဲ့ ကစားသမားတွေကို ရာသီကုန်ရင် ရောင်းထုတ်မယ်လို့လည်း ပြောဆိုထားခဲ့တယ်။

အိုထရတ်ဖိုဒ့်ဟာ မကြာခင်မှာတော့ ကြီးမားတဲ့ အပြောင်းအလဲတွေကို စတင်လာတော့မှာပါ။ ဆိုးရှားကတော့ အသင်းမှ ကစားသမား ၁၄ ဦးထိကို တစ်နှစ်အတွင်းမှာပဲ နောက်ဆုံးထားပြီး ရှင်းထုတ်ပေးဖို့ ကလပ်ကို တောင်းဆိုလိုက်တာဖြစ်တယ်။

ဟာရဲရား၊ ဗလန်စီယာတို့ အသင်းကနေ ထွက်ခွာပြီဖြစ်ပြီး ခံစစ်သမားတွေဖြစ်တဲ့ ဒါမီးယန်း၊ ရိုဂျိုတို့လည်း ထွက်ခွာမယ်လို့ ရေပန်းစားနေပါတယ်။ ဝါရင့် ကစားသမားကြီး ယန်းကတော့ စာချုပ်ကုန်မယ့် နောက်ရာသီထိ ဆက်ရှိနေမှာဖြစ်တယ်။

မန်ယူဟာ တိုက်စစ်မှူး လူကာကူအတွက် အပြောင်းအရွှေ့ ကမ်းလှမ်းလာမှုတွေကို တံခါးဖွင့်ပေးထားသလို စီးရီးအေကလပ် အင်တာမီလန်ကလည်း ဈေးကွက်ထဲ ဝင်ရောက်လာခဲ့ပြီး သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။

တိုက်စစ်မှူး ဆန်းချက်ကလည်း ဆိုးရှား ရောင်းထုတ်လိုတဲ့ အသင်းသားတွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်တယ်။ ကစားသမားအတွက် ပေးချေရမယ့် မြင့်မားတဲ့ လုပ်ခလစာကို မည်သည့် ကလပ်အသင်းကမှ ပေးချေလိုခြင်း မရှိတာဖြစ်ပါတယ်။

မန်ယူဘက်က ရောင်းထုတ်ပေးရမယ့် ကစားသမားစာရင်းတွေကို အကုန်အစင် မသိရသေးပေမယ့် ဝီဆန်နဲ့ ပိုလီလို လူငယ်ကစားသမားတွေလည်း အသင်းကနေ ရှင်းထုတ်ခံရမယ့် ကစားသမားတွေထဲ ပါနေပါတယ်။