မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူကို အသင်းကနေ ထွက်ခွာခွင့်ပေးတော့မှာ ဖြစ်တဲ့အတွက် လူကာကူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့အတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံသား တိုက်စစ်မှူးဟာ ဒီနှစ်ရာသီကုန်မှာ အားလပ်ရက်ရယူထားရာကနေ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ ဒီတပတ်မှာ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပါတယ်။

သတင်းတွေ အရတော့ ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာချင်နေတဲ့အတွက် မန်ယူက ဆက်လက် ထိန်းသိမ်းထားလိုစိတ် မရှိတော့ဘဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးသာ ရမယ်ဆိုရင် ရောင်းချသွားမယ်လို့ အသိပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

လူကာကူအတွက် လွန်ခဲ့တဲ့ (၂)နှစ်ခန့်က အဲဗာတန်အသင်းကနေ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၇၅)သန်း ဝန်းကျင်ခန့်ကိုလည်း မန်ယူက ပြန် အလိုရှိနေပါတယ်။ ဒါပေမယ့်လည်း ခေါ်ယူချင်တဲ့အသင်းတွေအတွက်တော့ တပတ်လုပ်ခ ပေါင် (၂၂၅၀၀၀) ရရှိနေတဲ့ လူကာကူရဲ့ လုပ်ခလစာကို ပေးချေနိုင်ဖို့ ခက်လိမ့်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် လူကာကူက အင်တာမီလန်ရဲ့ တစ်နှစ် ပေါင် ၇ သန်းခွဲနဲ့ ကမ်းလှမ်းမှုအတွက် လစာလျော့ယူပြီး လက်ခံဖို့ သဘောတူနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို (၄၅)ပွဲကစားခဲ့ရာမှာ သွင်းဂိုး (၁၅)ဂိုးသာ သွင်းယူထားပါတယ်။

လူကာကူနဲ့ ညှိနှိုင်းနိုင်ပြီး ဖြစ်တာကြောင့် အင်တာမီလန် အနေနဲ့ ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး ညှိနိုင်မလားဆိုတဲ့ တချက်သာ အပြောင်းအရွှေ့ ဖြစ်လာဖို့ ကျန် ရှိနေပါတယ်။