အာဆင်နယ်အသင်းဟာ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို (၄-၁)ဂိုးနဲ့ အရေးနိမ့်ကာ ဖလားနဲ့ လွဲချော်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

နည်းပြအမ်မရီရဲ့ အာဆင်နယ်ဟာ လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီအကုန်ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့်(၅)နဲ့သာ အဆုံးသတ်နိုင်ခဲ့တာကြောင့် ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမှသာလျှင် လာမယ့် ဘောလုံးရာသီသစ်မှာ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရမယ့်အနေအထား ရှိခဲ့တာပါ။

ဒါပေမယ့် အာဆင်နယ်မှာ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် တစ်စုံတစ်ရာရှိနေပါသေးတယ်။ အဲဒါကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ လတ်တလောမှာ ဘဏ္ဌာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ပတ်သက်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ တရားဝင်စုံစမ်းစစ်ဆေးခြင်းကို ခံနေရတာကြောင့်ပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၄င်းတို့အနေနဲ့ ဘာစည်းမျဉ်းမှာ မချိုးဖောက်ထားကြောင်း ဆက်တိုက်ငြင်းဆိုထားပေမယ့် UEFA ကတော့ ယခုလ အစပိုင်းမှာပဲ ဥရောပကလပ်တွေရဲ့ ဘဏ္ဌာရေးပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တရားဝင်စုံးစမ်းခိုင်းထားပြီလို့ သိရပါတယ်။ New York Times သတင်းစာရဲ့ဖော်ပြချက်တွေထဲမှာတော့ UEFA ရဲ့ တာဝန်ရှိ အဖွဲ့ဝင်တွေဟာ မန်စီးတီးကို ချန်ပီယံလိဂ်ကနေ တစ်ရာသီ ပယ်ဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။

ထိုအတိုင်း ဖြစ်လာပါကနည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရမှာ မဟုတ်တဲ့အတွက် လစ်လပ်သွားတဲ့ ၄င်းတို့ရဲ့နေရာကို အစားထိုးတဲ့အနေနဲ့ အဆင့်(၅)မှာရှိတဲ့အာဆင်နယ်က ဝင်ခွင့်ရရှိသွားလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးရင်ဆိုင်နေရတဲ့ အမှုကိစ္စဟာ လတ်တလောမှာ ရှုပ်ထွေးမှုတွေ ရှိနေပြီးကြန့်ကြာနေတဲ့အတွက် တကယ်လို့ ပြစ်မှု ထင်ရှားရင်တောင် လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှပဲ အပယ်ခံရနိုင်တယ်လို့လည်း ကြားသိရပါတယ်။