ဒီရာသီအတွက် ဝင်ငွေစာရင်းတွေမှာ ရုပ်သံလွှင့်ခွင့်တွေ ချန်ပီယံလိဂ် ဆုကြေးစာရင်းတွေ ထွက်ပေါ်ထားပေမယ့် အသေးစိတ် ဝင်ငွေတွေ မသိရသေးပါဘူး။ ဒါပေမယ့် မနှစ်ကရာသီ မန်ယူရဲ့ ဝင်ငွေစာရင်းတော့ ထွက်ရှိလာခဲ့ပါပြီ။

၂၀၁၇-၂၀၁၈ ဝင်ငွေအရ မန်ယူဟာ ပေါင် ၅၉၀ သန်းရပြီး ပရီးမီးယားလိဂ်မှာတော့ အများဆုံးရတဲ့ ဝင်ငွေအဖြစ် ရပ်နေဆဲဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ မန်စီးတီး၊ တတိယနေရာမှာ လီဗာပူးနဲ့ နောက်ပိုင်းမှာ ချယ်ဆီး၊ အာဆင်နယ်၊ စပါး တို့က အစဉ်လိုက် ရပ်တည်နေတာဖြစ်တယ်။

ပရီးမီးယားလိဂ် ကြီး ၆ ကြီးရဲ့ ဝင်ငွေဟာ ဘွန်ဒက်လီဂါနဲ့ လာလီဂါ စုစုပေါင်း ဝင်ငွေလောက်တောင် ရှိလာတာကလည်း ထူးခြားမှုပဲဖြစ်တယ်။ တစ်နှစ်ဝင်ငွေတွေကို လုပ်ခအဖြစ် ပြန်လည်အသုံးပြုမှုမှာလည်း ကြီး ၆ ကြီးက အမြင့်ဆုံးဖြစ်ပြီး ဝင်ငွေရဲ့ ထက်ဝက်လောက်ကို လုပ်ခတွေအဖြစ် ပြန်သုံးနေရပါတယ်။

မန်ယူဟာ ကလပ်အသင်းဝင်ငွေရဲ့ ထက်ဝက်ဖြစ်တဲ့ ပေါင် ၂၉၆ သန်းကို လုပ်ခတွေအဖြစ် ပြန်သုံးနေရတယ်လို့ သိရတယ်။ မန်ယူဟာ ဒီနှစ်တွေမှာ လုပ်ခပိုင်း ကြီးမြင့်လာမှုတွေကို ဆက်တိုက် ရင်ဆိုင်နေရတာဖြစ်ပါတယ်။