အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းဟာ တဖြည်းဖြည်းနဲ့ အကျဘက်ကိုရောက်လာပြီး ပရီးမီးယားလိဂ် အသင်းကြီး (၆) သင်းစာရင်းမှာ အင်အား အနည်းဆုံးလို့ ဆိုလို့ရပါတယ်။

ဘယ်လာရင်၊ ဟိုးလ်ဒင်း ကာလရှည်ဒဏ်ရာရရခြင်း နှင့်အတူ အသက်အရွယ်အရ အကျပိုင်းသို့ရောက်လာပြီဖြစ်တဲ့ ကိုစီရယ်နီနဲ့ မွန်ရီရယ်၊ အတွေ့အကြုံ သမ္ဘာအားနည်းနေတဲ့ မာဗရိုပါနို့ နဲ့ အခုအချိန်ထိ ခြေစွမ်းတည်ငြိမ်မှုမရှိသေးတဲ့ မူစတာဖီ အစရှိတဲ့ ကစားသမားတွေကြောင့် အာဆင်နယ်အသင်းဟာ အကျပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်ကို ကြည့်ရင် အာဆင်နယ်အသင်းရဲ့ နောက်တန်းအားနည်းနေမှုကို အထင်သားမြင်တွေ့ရမှာပါ။ ဒီလိုအားနည်းနေတဲ့ နောက်တန်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီဟာ လပ်ဇစ် နောက်ခံလူ ဒါရော့ဒ်အူပါမီကန်နို ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အူပါမီကန်နို ဆိုသည့်ကစားသမားလေးမှာ အသက် ၂၀ အရွယ်သာ ရှိပြီး ပြင်သစ် ယူ ၂၁ မှာ လက်ရွေးစင်ဖြစ်သလို၊ အသင်းကြီးတွေ ကလည်း စောင့်ကြည့်လျက်ရှိတဲ့ ကစားသမားတစ်ယောက်ပါ။ အာဆင်နယ်ရဲ့ လာမယ့် နွေရာသီ အသုံးစရိတ်ကတော့ အကြမ်းဖျင်းအားဖြင့် ပေါင်သန်း ၄၀ သာ ရထားတယ်လို့ သိထားရပါတယ်။ ယူရိုပါလိဂ် ဖလားမရရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့တဲ့အပြင် ဖလားရခဲ့ရင် အပိုပြောင်းရွှေ့ကြေး ချပေးမယ်ဆိုတဲ့ သတင်းတွေဟာ လေထဲမှာ ပျောက်သွားခဲ့ရပါပြီ။

အူပါမီကန်နိုရဲ့ ဈေးကွက်ထဲမှာ တန်ကြေးကတော့ အနည်းဆုံး ယူရို သန်း ၃၀ လောက်ရှိပါတယ်။ အာဆင်နယ်အသင်းရထားတဲ့ ပေါင်သန်း ၄၀ ဟာ ဒီလိုမျိုး ကစားသမား တစ်ယောက်ထဲကို ပုံအောပြီး ခေါ်ဖို့ဆိုတာ ဖြစ်လာဖို့တော့ ခက်ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး နောက်ခံလူ စာရင်းမှာပါဝင်နေတဲ့ အူပါမီကန်နိုဟာ ၂၀၁၈ ခုနှစ်ရဲ့ Golden Boy ဆုအတွက် ဇကာတင် စာရင်းမှာ ပါဝင်ခဲ့သလို၊ ပြောင်းရွှေ့ကြေး အမြောက်အမြားသုံးစွဲဖွယ်မရှိတဲ့ အာဆင်နယ်အတွက် ဒီအပြောင်းအရွှေ့ဟာ ခက်တော့ ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။