ယူရိုပါလိဂ်ဖလားကို အနိုင်ရခြင်းမရှိလို့ အမှတ်ပေးလိဂ်မှာ အဆင့်ငါးနေရာမှာပဲ ရှိနေတဲ့ အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ထပ်မံကာ လွဲချော်သွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ကို အုပ်စုတွင်းကနေ တိုက်ရိုက်ပါဝင်ကစားခွင့် ရရှိမှာဖြစ်ပြီး အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီကတော့ အသင်းဟာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ရာ ဆွဲဆောင်မှုရှိနေဆဲလို့ ယုံကြည်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခြင်းကြောင့် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ထိခိုက်မှု ရှိလာတော့မှာပါ။

ချယ်ဆီးကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှူံးခြင်းက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ အတားအဆီးဖြစ်နိုင်မလားလို့ မေးခွန်းထုတ်ခံရရာမှာ အမ်မရီက

” အဲ့သည်လို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ကလပ်အသင်းကြီးပါ။ ကမ္ဘာဘောလုံးလောကမှာ အာဆင်နယ်က ကြီးမားတဲ့ နာမည်တစ်ခုပါ။ ကစားသမား အများအပြားက ဒီကိုလာပြီး ကစားလိုကြပါတယ်။

နောက်ရာသီ ဘာတွေဖြစ်လာမယ် ဆိုတာတော့ ကြိုတင် မသိပါဘူး။ ဒါပေမယ့် ကလပ်အသင်းက ကျနော်တို့ နည်းလမ်းအတိုင်းပဲ ဆက်ကြိုးစားနေပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။