မန်ယူ တိုက်စစ်သမား အလက်ဇစ်ဆန်းချက်ဇ်ဟာ ပြီးဆုံးသွားတဲ့ ၂၀၁၈-၁၉ ရာသီမှာ ခြေစွမ်းမပြနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာရတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဒီရာသီမှာ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတဲ့ ဆန်းချက်ဇ်ဟာ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းပြဖို့ ကျရှုံးခဲ့ပေမယ့်လည်း သူ ပါဝင် သရုပ်ဆောင် ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ အောင်မြင်မှုရရှိဖို့ မျှော်လင့်နေပါတယ်။

ဆန်းချက်ဇ် ပါဝင်သရုပ်ဆောင်ထားတဲ့ Mi Amigo Alexis ရုပ်ရှင် ဇာတ်ကားကို မွေးရပ်မြေ ချီလီနိုင်ငံမှာ ကြာသပတေးနေ့က စတင်ပြသခဲ့ပြီး နာမည်ကျော် ချီလီ ဒါရိုက်တာ အလီယန် ဒရိုဖာနန်ဒက်ဇ် အယ်လ်မန်ဒရက်စ်က ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားဟာ အသက် ၁၂ နှစ်အရွယ် ဘောလုံး ဝါသနာရှင် တီတိုနဲ့ သူလေးအားကျရတဲ့ ဘောလုံးသမားဆန်းချက်ဇ်တို့ အမှတ်မထင် ဆုံတွေ့ရာကနေ ဘဝမှာ ဘယ်လိုနေထိုင်သွားရမလဲဆိုတာကို ဆန်းချက်ဇ်က သင်ကြားပေးပုံတွေကို ရိုက်ပြထားတဲ့ ဒရာမာ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ အရင်က ကြော်ငြာတွေမှာသာ သရုပ်ဆောင်ဖူးပြီး ဇာတ်ကားတစ်ခုလုံး ပါဝင်သရုပ်ဆောင်ထားတာက Mi Amigo Alexis ဇာတ်ကားက ပထမဆုံးပါ။

Mi Amigo Alexis ဇာတ်ကားထုတ်လုပ်သူ ရိုစီယိုဂျာဒူးက ချီလီတစ်နိုင်ငံလုံးက ချစ်ခင်ကြတဲ့ ဆန်းချက်ဇ်ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူး လိုက်ပြီး ကာယကံရှင် ဆန်းချက်ဇ်ကလည်း ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိကြောင်း ဆိုပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ပြီး သွားတဲ့သူတွေကတော့ ဆန်းချက်ဇ်ရဲ့သရုပ်ဆောင်မှုဟာ နာမည်ကျော် ဝါရင့်သရုပ်ဆောင်တွေအလား ထင်မှတ်မှားလောက်တယ်လို့ ချီးကျူးလျက်ရှိပါတယ်။

၂၀၁၈ ဇန်နဝါရီမှာ မီခီတာရန်နဲ့ အလဲအထပ်လုပ်ကာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်ရှိလာတဲ့ ဆန်းချက်ဇ်ဟာ ၂၀၁၇-၁၈ ရာသီမှာ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၃ ဂိုး၊ ၂၀၁၈-၁၉ ရာသီမှာ ပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အသက် ၃၀ အရွယ် ချီလီလက်ရွေးစင် ဆန်းချက်ဇ် အတွက် တစ်ပတ် လုပ်ခအဖြစ် ပေါင် ၅ သိန်းနီးပါး ပေးထားရတာကြောင့် ပေးရတဲ့လစာနဲ့ အကျိုးပြုနိုင်တဲ့ အနေအထားက မကာမိဘူး ဖြစ်နေပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဆန်းချက်ဇ်ဟာ မန်ယူအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိစာချုပ်ထားပြီး ဒီနွေမှာ စီးရီးအေကလပ် အင်တာမီလန်ကို ရောက်ရှိဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လစာလျှော့ယူမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။