အာဆင်နယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ လက်ရှိမှာ ပုံမှန်ခြေစွမ်းကောင်း ပျောက်ဆုံးနေတဲ့ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ကို ဝေဖန်ပြစ်တင်သွားခဲ့ပြီး အိုဇေးလ်ဟာ အသင်းကို ဦးဆောင်နိုင်တဲ့သူမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်ရဲ့ လစာအများဆုံးကစားသမားပါ။ သူဟာ တစ်ပတ်ကို ပေါင် ၃ သိန်းခွဲ ရရှိနေသူပါ။ ဒါပေမယ့် သူဟာ ထိုက်တန်တဲ့ ခြေစွမ်းတော့ မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း တစ်ချိန်က အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ ဖာဘရီဂတ်စ်က အိုဇေးလ်ဟာ အသင်းကို ဦးဆောင်နိုင်သူ မဟုတ်ဘူးလို့ ဝေဖန်နေခဲ့တာပါ။

ဖာဘရီဂတ်စ်က – “သူ ရီးရဲလ်မှာတုန်းကတော့ ထိပ်တန်းကစားသမားတွေနဲ့ချည်း တွဲကစားခဲ့ရတာပါ။ သူဟာ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့တောင် တွဲဖက်ကစားခဲ့ရတာပါ။ အဲ့ဒီတုန်းကတော့ သူ့ခြေစွမ်းဟာ ထိပ်တန်းပါပဲ။ ”

” တစ်ကယ်တော့ အာဆင်နယ် အသင်းက အသင်းကို ဆွဲတင်ဦးဆောင်နိုင်ဖို့အတွက် အိုဇေးလ်ကို ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် သူကတော့ မလုပ်နိုင်ခဲ့ပါဘူး။ သူနဲ့ ကျွန်တော်က အတူတူကစားနေတာ နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေတာမဟုတ်ပေမယ့် ကျွန်တော်သိပါတယ်။ သူက အသင်းကို ဦးဆောင်နိုင်တဲ့သူမဟုတ်ပါဘူး” လို့ ဖာဘရီဂတ်စ်က ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို ၄-၁ နဲ့ရှုံးနိမ့်ကာ ဖလားကိုလက်လွှတ်လိုက်ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာပါ ကျရှုံးခဲ့တာမို့ ဒီနှစ်မှာ အသင်းပရိသတ်တွေအတွက် စိတ်ပျက်စရာပါဖြစ်ခဲ့ပါတယ်။

အိုဇေးလ်ဟာ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းမမှန်ဘဲရှိနေတာပါ။ ယူရိုပါလိဂ် ပွဲမှာလည်း အများ မျှော်မှန်းထားသလို အသင်းကို ဆွဲတင်နိုင်မယ့် ဦးဆောင်နိုင်မယ့် စွမ်းရည်မျိုး ထုတ်မပြနိုင်ခဲ့ပါဘူး။

သူ့ရဲ့ပုံမှန်မဟုတ်တဲ့ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေကို ကစားသမားဟောင်းတွေ အသင်းပရိသတ်တွေကလည်း ခဏခဏ ဝေဖန်နေခဲ့ကြ ပါတယ်။ တစ်ချို့ကဆို အိုဇေးလ်ကို ချက်ချင်း ထုတ်ရောင်းသင့်တယ်လို့တောင် ဆိုနေကြတာပါ။ ဗိုလ်လုပွဲ အပြီးမှာ အမ်မရီက အာဆင်နယ် ကစားသမား အချို့ အသင်းကနေ ထွက်ခွာဖို့ လိုပြီလို့ သတိပေးခဲ့ပြီး ဒီနွေ ရှင်းထုတ်မှုမှာ အိုဇေးလ် ပါဝင်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။