မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က စပါးနဲ့ လီဗာပူးလ်တို့ ထိပ်တိုက် တွေ့ဆုံကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်း ဗိုလ်စွဲတာကို မြင်လိုကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ဖာဒီနန်က ” ကျွန်တော်ကတော့ လာမယ့်ပွဲစဉ်မှာ စပါး အနိုင်ရသွားတာကို မြင်တွေ့လိုပါတယ်၊ ဒီလိုပြောကြားလိုက်တာဟာ ကျွန်တော့်ရဲ့ အသင်းဟောင်း (ယူနိုက်တက်)နဲ့ လီဗာပူးလ်တို့ရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ မသက်ဆိုင်ပါဘူး၊ ကျွန်တော်ဟာ ပွဲကြီးပွဲကောင်းတွေနဲ့ လှပတဲ့ သွင်းဂိုးတွေကို မြင်တွေ့ရင် ဘယ်အသင်းကပဲ သွင်းသွင်း အောင်ပွဲခံလေ့ရှိတာကို ရုပ်သံကြည့်တဲ့သူတွေ မြင်ဖူးကြမှာပါ”

“လာမယ့် ပွဲစဉ်မှာ လီဗာပူးလ်အနေနဲ့ ဖလားဆွတ်ခူးသွားခဲ့မယ် ဆိုရင်လည်း ကျွန်တော်ကတော့ အိပ်ရေးပျက်နေမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဥရောပက အခြားအသင်းတွေနဲ့ ယှဉ်ရင် ဘတ်ဂျက် အနည်းငယ်ပဲအသုံးပြုပြီး စပါးကို ဗိုလ်လုပွဲအထိ ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို ကျွန်တော်လေးစားတယ် ”

” ဒါပေမယ့် လီဗာပူးလ်ပဲ အနိုင်ရသွားလိမ့်မယ်လို့ ကျွန်တော်မြင်မိပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကီယက်ဗ်မှာ ရှုံးနိမ့်ခဲ့တာတွေက သူတို့ကိုဒီပွဲမှာ အကောင်းဘက် ကနေ ကူညီပေးနိုင်ပါလိမ့်မယ်၊ သူတို့ရဲ့တိုက်စစ်မှာလည်း မိုဆာလာနဲ့ ဆာဒီယို မာနေးတို့ဟာ ခြေစွမ်းပိုထက်နေကြသလို နောက်ခံလူနှစ်ဦးဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ အာနိုးလ်တို့ဟာလည်း တိုက်စစ်လိုက်ပါပြီး ခြေစွမ်းပြနေကြတယ် ”

” သူတို့ကို ကွင်းဘေးကနေ တောက်လျှောက် တွန်းအားပေးမယ့် နည်းပြကောင်း ယာဂန်ကလော့ပ်လည်း ရှိနေတယ်၊ လာမယ့်ပွဲမှာ သူ့အနေနဲ့ တည်ငြိမ်နေဖို့ လိုအပ်ပြီး ပွဲမစခင်ကတည်းက အဝတ်လဲခန်းထဲမှာ ဒီပွဲကိုအနိုင်ရရှိလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရှိထားအောင် လှုံ့ဆော် ပေးထားဖို့ လိုပါတယ်” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဘောလုံး ပရိသတ်အများစုကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်နေကြပြီး ယူနိုက်တက်အမာခံပရိသတ် ဖာဒီနန်ကတော့ စပါးကို အသာစီး ရစေချင်နေပါတယ်။ ဒါပေမယ့်လည်း မြောက်လန်ဒန်ကလပ် စပါးအနေနဲ့ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်ကို အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြသွားနိုင်မလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။