ပြင်သစ်ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူနိုင်ဖို့ရာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက ရေပန်း အစားဆုံး ဖြစ်လာနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့ ရာဘီရော့ဟာ ပီအက်စ်ဂျီနဲ့ လက်ရှိ ဘောလုံးရာသီကုန်မှာပဲ စာချုပ်ကုန်ပြီဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့ ငြင်းပယ်ထားလို့ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ရာသီကုန်ရင် ရာဘီရော့ကို ပြင်သစ်ကနေ ထွက်ခွာစေမှာဖြစ်ပေမယ့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းမှာတော့ မဟုတ်ကြောင်းလည်း မိခင်ဖြစ်သူက ပြောဆိုထားတယ်။

ပီအက်စ်ဂျီဟာ ရာသီကုန်ခါနီးရလဒ်တွေကြောင့် တူချယ်ကိုထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် တစ်နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့အတွက် နည်းပြနဲ့ အဆင်မပြေတဲ့ ရာဘီရော့ ထွက်ခွာမယ့် သတင်းတွေက ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်၊ မန်ယူတို့နဲ့ သတင်းတွေ ထွက်ထားခဲ့ပြီး စပိန်ကလပ်တွေနဲ့ လီဗာပူးတို့က ကစားသမားကို ခေါ်ယူဖို့ လက်ရှောင်ခဲ့ပါပြီ။

မန်ယူဟာ ရာဘီရော့ကို လာလီဂါကလပ် ဘက်တစ်၊ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တို့နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြင်သစ်သားက မန်ယူကို ဦးစားပေး ရွေးချယ်မယ်လို့ သတင်းတွေ ထွက်လာနေခဲ့တယ်။ လုပ်ခလစာပိုင်းမှာ မန်ယူက ပိုပေးမယ့် အချက်ကလည်း ကစားသမားကို မက်လုံးတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

မန်ယူဟာ ကစားသမားကောင်းတွေနဲ့ ချိတ်ဆက်မှုတွေ လုပ်နေပေမယ့် အတည်ပြု ခေါ်ယူမှုတွေကို လုပ်နိုင်ခြင်း မရှိသေးပေမယ့် လာမယ့်လအတွင်း ခေါ်ယူမှုတွေကို အပြီးသတ်မယ်လို့ မျှော်လင့်ထားရပါတယ်။