ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ပြင်သစ်ကလပ် မိုနာကို ကို ပြောင်းသွားခဲ့တဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ယူရိုပါလိဂ်ချန်ပီယံဆုတံဆိပ် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ချယ်ဆီးရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်တွေအတွင်း ဖာဘရီဂတ်စ်ဟာ ချယ်ဆီးတို့ အုပ်စုအဆင့်ကနေတက်အောင် ကူညီပေးခဲ့သေးတာပါ။ ရှူံးထွက်အဆင့်တွေမှာတော့ သူပါဝင်ခြင်း မရှိတော့သလို ဗိုလ်လုပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။

ဘာကူမှာ ချယ်ဆီးက အာဆင်နယ်ကို ၄-၁ နိုင်ခဲ့စဉ် အသင်းက ကွင်းအတွင်းမှာ ချန်ပီယံဆုဖလားနဲ့အတူ အောင်ပွဲခံဖို့ ကမ်းလှမ်းခဲ့ပေမယ့် BT Sport ရုပ်သံမှာ အားကစားဝေဖန်သူ လုပ်နေတဲ့ ဖာဘရီဂတ်စ်က အသင်းဟောင်းရဲ့ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ် စည်းမျဉ်းတွေအရ ဖာဘရီဂတ်စ်ဟာ ဆုရနိုင်တဲ့ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် တတိယဂိုးသမား ဂရင်းနဲ့ ကွင်းလယ်လူ ဒရင့်ဝါးတားတို့ကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သူတို့နှစ်ဦးက ဆုတံဆိပ်တွေ ရခဲ့ခြင်းလည်း မရှိတာဖြစ်ပါတယ်။