အေဂျက်ခံစစ်မှူး ဒီလစ်က သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး လာမယ့်ရက်ပိုင်းအတွက် အဆုံးအဖြတ်ပေါ်လာစေဖို့ မျှော်လင့်ထားကြောင်း အကြောင်းပြန်လာခဲ့ပြီဖြစ်ပါတယ်။

နယ်သာလန် ခံစစ်သမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့် အဆင်ပြေခြင်းမရှိ ဖြစ်နေခဲ့ကာ မန်ယူနဲ့လည်း ချိတ်ဆက်မှုတွေ ရှိလာခဲ့တာပါ။ မန်ယူဟာ ခံစစ်အတွက် အပြောင်းအလဲကြီးတွေ လုပ်လိုနေတာဖြစ်တယ်။

နယ်သာလန်သတင်းတွေကတော့ ရုပ်ပိုင်းဆိုင်ရာ အားပြုတဲ့ ပရီးမီးယားလိဂ်မှာ ၆ နှစ်လောက် ကစားပြီးမှ စပိန်ကို ပြောင်းဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့တယ်။ ဘာစီလိုနာကို ပြောင်းမယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ နေရာချက်ခြင်းရမှာ မဟုတ်ပေမယ့် မန်ယူမှာတော့ ပုံမှန်ပွဲထွက်ခွင့် ရနိုင်တာဖြစ်တယ်။

အပြောင်းအရွှေ့မှာ ဘယ်အသင်းကို ရောက်မလဲလို့ ဝေခွဲရခက်နေကြတဲ့ အနေအထားကိုတော့ ဒီလစ်က အဆုံးသတ်ပေးလိုက်ဖို့ စီစဉ်လာခဲ့ပြီး မကြာခင်မှာပဲ သူ့ရဲ့ အနေအထားကို ထုတ်ဖော်ပေးမယ်လို့ ဆိုလာခဲ့တာဖြစ်တယ်။

နယ်သာလန်မီဒီယာတွေကို ဒီလစ်က အဖြေပေးတာက “ မကြာခင် ရောက်လာတော့မယ့် အနာဂတ်ကို ကျနော် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ကျနော် တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ဒါက စိန်ခေါ်မှုဖြစ်ပြီး အရေးကြီးဆုံး ကိစ္စလည်းဖြစ်တယ်။ ရွေးချယ်စရာတွေ အမျိုးမျိုးရှိနေပြီး အကောင်းဆုံး ဖြစ်မှာကို ကျနော် ရွေးချယ်သွားပါမယ် ” လို့ ဖြစ်ပါတယ်။