ချယ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ရီစ်ဂျိမ်းကို ခေါ်ယူနိုင်ဖို့ရာ မန်ယူက ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင်အဆိုင် ဖြစ်နေကြောင်း ဒေးလီးမေလ်းသတင်းမှာ ဖော်ပြလာခဲ့ပါတယ်။

ရာသီတစ်ခုလုံး ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းကို အငှားချခြင်း ခံခဲ့ရပြီး ပွဲပေါင်း ၄၃ ပွဲ ကစားခွင့်ရတဲ့ ရိစ်ဂျိမ်းဟာ အစွန်ကစားသမားဖြစ်သလို ကွင်းလယ်လူနေရာက ကစားနိုင်သူလည်းဖြစ်တယ်။ ရိစ်ဂျိမ်းဟာ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး အသင်းထဲမှာ ပါဝင်နိုင်ခဲ့သူလည်းဖြစ်တယ်။

ချယ်ဆီးအသင်း အကယ်ဒမီကို အသက် ၆ နှစ် အရွယ်ကတည်းက စတင်ကာ ပူးပေါင်းခဲ့သူဖြစ်ပြီး သူ့ရဲ့ တိုးတက်လာမှုတွေကြောင့် အင်္ဂလန် ယူ-၂၀ အသင်းက ခေါ်ယူခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ လာမယ့်ရာသီမှာ ချယ်ဆီးအတွက် အရေးပါလာမယ့်သူလို့လည်း ခန့်မှန်းခံထားရတယ်။

လန်ဒန်အသင်းက သူ့အပေါ်မှာ ရည်ရွယ်ချက်ကောင်းတွေ ထားရှိနေပြီး မနှစ်တုန်းက ၂၀၂၂ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တယ်။ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းကို ပြောင်းလိုတဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၁၅ သန်း ရှိတယ်လို့ သိထားရတယ်။

ဆိုးရှား ပစ်မှတ်ထားတဲ့ လူငယ်တွေထဲမှာတော့ ပဲလေစ့်မှ ဝမ်ဘစ်ဆာကာ၊ ဆွမ်ဆီးမှ ဒန်နီရယ်ဂျိမ်း၊ နယူကာဆယ်မှ လောင်းစတပ်နဲ့ ချယ်ဆီးမှ ရိစ်ဂျိမ်းတို့ ပါဝင်လာတာဖြစ်ပါတယ်။