ဘရာဇီး အကျော်အမော် တိုက်စစ်မှူးကြီး ရော်နယ်ဒိုက လက်ရှိ ကမ္ဘာဘောလုံးလောကမှာ သူစောင့်ကြည့်နေတဲ့ ကစားသမားစာရင်းကို ထုတ်ပြောရာမှာ မက်ဆီကို ထိပ်ဆုံးထားခဲ့ပေမယ့် ဂျူဗင်တပ်မှ ရော်နယ်ဒိုကို ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။

ဥရောပ နာမည်ကျော် ကလပ်အသင်းတွေဖြစ်တဲ့ PSV, ဘာကာ၊ ရီးရဲလ်၊ အင်တာ၊ အေစီ အသင်းတွေမှာ ကစားဖူးတဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုက သူ စောင့်ကြည့်ဖို့ နှစ်ခြိုက်တဲ့ ကစားသမားတွေ ငါးဦးအဖြစ် မက်ဆီ၊ နေမာ၊ အမ်ဘတ်ပီ၊ ဆာလက်၊ ဟာဇက် တို့ဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

၁၉၉၄ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာဖလား အနိုင်ရခဲ့တဲ့ ရော်နယ်ဒိုဟာ ဘောလုံးပရိသတ်တွေရဲ့ ဂန္တဝင်တွင်သူ သူရဲကောင်း တိုက်စစ်မှူးဖြစ်ပြီး သူဟာ သူကိုယ်တိုင်ရဲ့ အကြိုက်ဆုံး ကစားသမား ၅ ဦးကို စပိန်သတင်းဌာနတွေနဲ့ အင်တာဗျူးမှာ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကြီးက ” မက်ဆီက နံပါတ် ၁ ပါပဲ။ သူ့ရဲ့ပါရမီက လွန်ခဲ့တဲ့ နှစ်တွေကတည်းက အခုချိန်ထိ တူညီမှုရှိပါတယ်။ ဆာလက်၊ ဟာဇက်နဲ့ နေမာတို့ကိုလည်း ကျွန်တော် ကြိုက်တယ် ” လို့ ဆိုခဲ့တယ်။

ဒိုကြီးကတော့ သူနဲ့ ကစားတဲ့နေရာတူတဲ့ ပြင်သစ်သား အမ်ဘတ်ပီကို အထူး ချီးကျူးပါသေးတယ်။ ” အမ်ဘတ်ပီ ကစားတာကိုလည်း ကြိုက်တာပဲ။ အမ်ဘတ်ပီက အရမ်းမြန်ပြီး အဆုံးသတ်ပိုင်း အရမ်းကောင်းသလို လှုပ်ရှားမှုတွေကလည်း တကယ့်ကိုကောင်းပါတယ် ” လို့ ဆိုပါတယ်။