ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌဟောင်း ကယ်ဒီရွန်က နွေအတွက် အင်အားဖြည့်ရာမှာ တိုက်စစ်ကစားသမား နေမာအစား ကွင်းလယ်ကစားသမား ပေါ့ဘာကိုသာ ခေါ်ယူဖို့ ဦးစားပေး ရွေးချယ်သင့်တယ်လို့ စပိန်ကလပ်ကို တိုက်တွန်းလိုက်ပါတယ်။

မန်ယူ ကွင်းလယ်ကစားသမားဟာ အင်္ဂလန်မှာ ပရိသတ်တွေ နှစ်သက်ခြင်းခံရဖို့ ရုန်းကန်နေရပြီး တစ်နိုင်ငံတည်းသား နည်းပြဇီဒန်းရှိရာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

လာလီဂါကလပ်ရဲ့ ဥက္ကဌဟောင်းကတော့ ရီးရဲလ်အနေနဲ့ နေမာကို ခေါ်ယူခြင်းထက် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကိုသာ ဦးစားပေးခေါ်ယူသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

“ နေမာက ထိပ်တန်းကစားသမားပါ။ ဒါပေမယ့် ရီးရဲလ်မှာ လိုအပ်နေတဲ့ ကစားသမားက ပေါ့ဘာလို လူမျိုးဖြစ်ပါတယ်။ သူဟာ တကယ်ကောင်းတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး နည်းပြ ဇီဒန်းက ခေါ်ယူဖို့ အလိုရှိနေတဲ့သူ တစ်ဦးပါ ”လို့ ရှင်းပြတယ်။

ပေါ့ဘာကို ခေါ်ယူမယ်ဆိုရင် ဈေးပေါပေါနဲ့ မရနိုင်ကြောင်းကိုလည်း “ပိုက်ဆံကတော့ အနည်းငယ်ပြဿနာရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိဥက္ကဌ ပီရက်ဇ်အနေနဲ့ ပေါ့ဘာကို ခေါ်ယူလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူကပြောခဲ့ပါတယ်။