စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကြမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြိုမှာ လီဗာပူးနဲ့ စပါးတို့က မီဒီယာတွေက အင်တာဗျူးတွေ ပြုလုပ်နေကြပါတယ်။

အဆိုပါ အင်တာဗျူးတွေမှာ နှစ်သင်း အသင်းသားတွေက စကားလုံးထိုးစစ်တွေ လုပ်နေကြပြီး ဒီတစ်ကြိမ် လုပ်လာသူက ဆာလက်ပဲ ဖြစ်ပါတယ်။ ဆာလက်က ပြိုင်ဘက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ချီးကျူးမှုနဲ့အတူ စကားစစ်ထိုးမှုပါ လုပ်ခဲ့တာဖြစ်တယ်။

BT Sport ကပြုလုပ်တဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်းနဲ့ ပက်သက်ပြီး မေးမှုကို ဆာလက်က ပြန်ဖြေရာမှာ

ဆာလက်က ” ချန်ပီယံလိဂ်ဆိုတာ အရမ်းကောင်းတဲ ပြိုင်ပွဲပါ။ ထိပ်တန်း အသင်းကောင်းတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရတဲ့ ပြိုင်ပွဲပါ။ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက ထိပ်တန်းကစားသမားတစ်ဦးပါပဲ။ သူဟာ ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးပါ။

ကိန်းဟာ အင်္ဂလန်လိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။ ကျနော် မရောက်ခင်ထိပေါ့ ” လို့ အရွှင်ဖောက်ခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်ရှိလာခဲ့ပြီးနောက် ဟယ်ရီကိန်း လွှမ်းမိုးထားတဲ့ ရွှေဖိနပ်ဆုကို လက်လွဲယူလာခဲ့ကာ နှစ်နှစ်ဆက်တိုက် ရွှေဖိနပ်ဆု အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ နှစ်နှစ်အတွင်း ကိန်းကတော့ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။