လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂန္တ၀င်ကစားသမား စတီဗင်ဂျရတ်က စပါးနှင့် ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲထွက်လူစာရင်းမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ထည့် အသုံးပြုသင့်ကြောင်း တိုက်တွန်း ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။

” ဟန်ဒါဆန် ကစားခဲ့တဲ့ပွဲစဉ်တွေကို ကျွန်တော် စောင့်ကြည့်ခဲ့ပြီး တိုက်စစ်ကို လိုက်ပါကစားဖို့လည်း သူ့ကို အကြံပေးခဲ့ပါတယ်။ သူက ဘောလုံး ဖြန့်ဝေမှု အပြင် ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးပေးမှုပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ပါ ” လို့ ဂျရတ်က ထောက်ခံပြောဆိုခဲ့ပါတယ်။

မေလထဲမှာတင် ဂျရတ်က ကလော့ပ်ဦးဆောင်မှု အောက် ကစားခွင့် ရနေတဲ့ လီဗာပူးအသင်းသားတွေကို မနာလိုလုနီးပါး ဖြစ်ရကြောင်း ၀န်ခံပြောဆိုခဲ့ပေမယ့် သူ့နေရာ ဆက်ခံတဲ့ ဟန်ဒါဆန် ဗိုလ်လုပွဲ အစတည်းက ပါဝင် ကစားခွင့်ရအောင် တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ကလော့ပ် ရောက်စ အစောပိုင်းနှစ်များမှာ ကွင်းလယ် ခံစစ် စစ်စစ် မရှိတဲ့ လီဗာပူးအသင်း အတွက် ကွင်းလယ် အဖျက် နေရာ တာဝန်ယူခဲ့ရပြီး ဘောလုံး ဖြန့်ဝေမှုပါ အနည်းငယ် ၀င်ကူခဲ့ရပါတယ်။

ဒါပေမယ့် ဒီဘောလုံးရာသီမှာတော့ ဟန်ဒါဆန်က ဖာဘင်ညို အထာကျလာတဲ့ ကွင်းလယ် ခံစစ်နေရာကို ထားခဲ့ပြီး အနည်းငယ် ရှေ့တက် ကစားကာ တိုက်စစ်ကူဖို့ ကလော့ပ်ထံ ခွင့်တောင်းခဲ့ပါတယ်။

ကွင်းလယ်ကနေ အနည်းငယ် ရှေ့တက် ကစားပြီးနောက် ဟန်ဒါဆန်ဟာ ဂိုးထောက်ပံ့မှု ဂိုးသွင်းမှုတွေ ပိုလုပ်လာနိုင်ပြီး ခြေစွမ်း ပြလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဂျရတ်က ဗိုလ်လုပွဲမှာ ဟန်ဒါဆန်ကို ပွဲထွက် အခွင့်အရေးပေးဖို့ တောင်းဆိုခဲ့တာပါ။

လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းကို အခြေတည်ပြီး ပိုအင်အားကောင်းလာအောင် တည်ဆောက်နေတာ ဖြစ်လို့ ဗိုလ်လုပွပြီးရင် ကွင်းလယ် ကစားသမား မေနာနဲ့ ခံစစ်မှူး မာတစ်တို့ကို သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုသွားတော့မယ်လို့ သိရပါတယ်။ ၄င်းတို့ နှစ်ဦးလုံးက အသင်းနဲ့ စာချုပ် တစ်နှစ်စီသာ ကျန်ရှိပြီး အသင်းနဲ့ရော ပရိသတ်တွေနဲ့ပါ ကောင်းမွန်တဲံ ဆက်ဆံရေး ရှိနေသူတွေ ဖြစ်ပါတယ်။