ချန်ပီယံပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲတွေမှာ အင်္ဂလန်နှစ်သင်းဖြစ်တဲ့ တော်တင်ဟမ်နဲ့ လီဗာပူးတို့ဟာ ပြိုင်ဘက်တွေကို အရေးနိမ့်ခဲ့ပါတယ်။ တော်တင်ဟမ်က ဘာစီလိုနာကို အိမ်ကွင်းမှာ 2-4 နဲ့ အရေးနိမ့်ခဲ့ပြီး လီဗာပူးက နာပိုလီကို အဝေးကွင်းမှာ 1-0 နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းကို 1-0 နဲ့ အရေးနိမ့်အပြီးမှာ လီဗာပူးပရိသတ်တွေက အသင်းဟာ အရှူံးရလဒ်နဲ့ ထိုက်တန်ပါကြောင်း လူမှုကွန်ယက်တွေကနေ ဝန်ခံစကားတွေ ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့အပြင် နာပိုလီဂိုးပေါက်ကို တစ်ကြိမ်တောင် တည့်မှန်အောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

တော်တင်ဟမ်အသင်းဟာ မနှစ်ကရာသီ ဝင်ဘာလေးကွင်းမှာ ချန်ပီယံလိဂ်ပွဲအဖြစ် ရီးရဲမက်ဒရစ်၊ ဒေါ့မွန်၊ အေပိုလ်းအသင်းတို့ကို ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးသင်းလုံးကို အနိုင်ရကာ ရမှတ် 9 မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။

တော်တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုး 10 ဂိုးကို အမြန်ဆုံးရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ သူဟာ ချန်ပီယံလိဂ်သွင်းဂိုး 10 ဂိုး ရဖို့ 12 ပွဲပဲ ကစားခဲ့ရတာဖြစ်ပါတယ်။

တော်တင်ဟမ်အသင်းရဲ့ လူငယ်သွေးသစ်အဖြစ် နာမည်ကြီးတဲ့ Luke Amos ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရတော့မှာဖြစ်ပါတယ်။ ယခင်လကမှ တော်တင်ဟမ်အသင်းနဲ့ စာချုပ်သစ်ချုပ်ထားတဲ့ အဆိုပါ လူငယ်လေးဟာ နယူးကာဆယ်နဲ့ပွဲ ပွဲချိန် 88 မိနစ် မှာ ဒိုင်ယာအစား လူစားဝင်လာခဲ့ပါသေးတယ်။

ဟော်ဖန်ဟိန်းနဲ့ပွဲမှာ လူစားလဲခဲ့ရတဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ဟာ လာမယ့် တနင်္လာနေ့ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။

မန်စီးတီး တောင်ပံတိုက်စစ်မှူး ဆာနေးကတော့ ပက်ဂွာဒီယိုလာ၊ ဂျိုးအာချင်လို တို့ နည်းပြတွေရဲ့ ဝေဖန်ထောက်ပြမှုများကို နှစ်သက်သဘောကျကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အဆိုပါ မန်နေဂျာနှစ်ယောက်လုံးက သူ့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်း သိကြသူများဖြစ်ကြောင်း ၄င်းက ဆိုပါတယ်။

မန်စီးတီးကစားသမား ဂွမ်ဒိုဂမ်က စီးတီးအသင်းဟာ လီဗာပူးနဲ့ ရင်ဆိုင်ရတိုင်း အမြဲရုန်းကန်ရတယ်ကြောင်း ၀န်ခံစကားဆိုသွားပြီး အန်ဖီးလ်မှတ်တမ်းဆိုးများကို ဒီတစ်ကြိမ် ချိုးဖျက်နိုင်ကြမယ် မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဗလင်စီယာက အသင်း မန်နေဂျာ မော်ရင်ညိုအား ထုတ်ပယ်ခိုင်းတဲ့ အင်စတာဂရမ်ပို့စ် တစ်ခုဖြစ်တဲ့ “time for Mourinho to go” စာသားပါ post ကို like လုပ်ခဲ့မိသည့်အတွက် အသင်းထံကို ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

ဗလန်စီယာနဲ့ ပွဲအပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ယူနိုက်တက် ကစားသမား ပေါ့ဘာက “ကျနော့်မှာ ဖြေပိုင်ခွင့်မရှိဘူး” လို့ ပြောဆိုငြင်းပယ်ခဲ့ပါတယ်။ ပေါ့ဘာဟာ သတင်းသမားတွေကို ပြန်လည် ဖြေကြားခွင့် အသင်းကနေ တရားဝင် ပိတ်ပင်ခံထားရဟန် ရှိပါတယ်။

ကစားသမားတချို့နဲ့ အဆင်မပြေမှုများ ရှိနေတယ် သတင်းထွက်နေပေမယ့် ယူနိုက်တက် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကတော့ ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုရဲ့ နောက်မှာ ကစားသမားအားလုံး ရပ်တည်နေကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အင်္ဂလန်ထိပ်သီးကလပ် 6 သင်းကို ရင်ဆိုင်ကစားရာမှာ 5 သင်းကို သွင်းဂိုးတွေ ရယူထားနိုင်ခဲ့ပါပြီ။ မက်ဆီ ဂိုးမသွင်းနိုင်သေးတဲ့ တစ်သင်းတည်းသော အင်္ဂလန် ကြီး 6 ကြီး စာရင်းဝင် ကလပ်အသင်းက လီဗာပူးဖြစ်ပါတယ်။

မန်နေဂျာဆာရီက ကလပ်အသင်းအတွက် အရေးကြီးဆုံး ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ရဖို့ဖြစ်ပေမယ့် ယူရိုပါလိဂ်ကိုလည်း အဆုံးထိ ပါဝင်ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ကို အနိုင်ရလိုပြီး ဒီအတွက်လည်း ကြိုးစားသွားပါမယ်လို့ ပြောဆိုပါတယ်။

ဒီအပတ်ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်မှာ မန်နေဂျာဆာရီဟာ လီဗာပူးပွဲ လူစာရင်းကို အပြောင်းအလဲ 7 နေရာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဆာရီဟာ ယူရိုပါလိဂ်ပွဲတွေမှာ အရန်ကစားသမားတွေနဲ့ ပွဲထွက်ခွင့်နည်းပါးတဲ့ ကစားသမားတွေကို ပိုမိုထုတ်သုံးပြီး အစွမ်းပြဖို့ အခွင့်အရေးတွေ ပေးအပ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဘာကလေဟာ မန်နေဂျာဆာရီရဲ့ နည်းစနစ်တွေဟာ သူ့ရဲ့ကစားသမားဘဝ တိုးတက်လာဖို့ အများကြီး အထောက်အကူ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဆာရီလက်အောက်မှာ တိုးတက်မှုတွေရှာဖွေရင်း လက်ရွေးစင်က ပြန်လည် ခေါ်ယူခြင်း ခံရအောင် ကြိုးစားပါမယ်လို့ ဝန်ခံစကားဆိုခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းမန်နေဂျာ စတိဗ်ဘရုစ် ရာထူးက ထုတ်ပယ်ခံလိုက်ရပါပြီ။ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ဟင်နရီနဲ့ တယ်ရီတို့က ရေးပန်းအစားဆုံး ဖြစ်လာပါတယ်။

ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာသာ ဆက်နေခဲ့ချင်ပေမယ့် အသင်းဘက်က ကမ်းလှမ်းမှုကို ပြန်လည် ရုပ်သိမ်းသွားတာ ဖြစ်လို့ ရွေးစရာ လမ်းမရှိဘဲ အသင်းကနေ ထွက်ခွာရမှာဖြစ်ကြောင်း ရမ်ဆေးအေးဂျင့်ကုမ္ပဏီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ၀ဲဘတ်ဟာ အဲဗာတန်အသင်းရဲ့ စောင့်ကြည့်စာရင်းထဲမှာ ရှိနေကြောင်း သိရပါတယ်။ ၀ဲဘတ်ဟာလည်း လာမယ့် နွေမှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ကမ်းလှမ်းမှုအသစ် မရသေးတာကြောင့် အသင်းပြောင်းရွှေ့ဖွယ် ရှိနေတာပါ။

အဇာဘိုင်ဂျန် ကာရာဘတ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်ယှဉ်ပြိုင်ဖို့အတွက် အာဆင်နယ်အသင်း ရောက်ရှိနေပြီဖြစ်ကာ Baku Olympic Stadium မှာ လေ့ကျင့်မှုများလည်း ပြုလုပ်နေပါပြီ။ အာဆင်နယ်အသင်းနဲ့အတူ ရမ်ဆေး၊ အူဘာမီယန်နဲ့ မီခီတာရန်တို့တော့ လိုက်ပါလာခြင်း မရှိပါဘူး။