ချန်ပီယံလိဂ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်လုပွဲအတွက် လီဗာပူး ပွဲထွက်လူစာရင်းထဲ ဖာမီနို ပါဝင်မလား မေးခွန်းကို ကလော့ပ်က ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

” ရက်စ်၊ သူက ပွဲကစားဖို့ အသင့်ပါပဲ။ ကြံ့ခိုင်မှုလည်း ပြည့်တယ် လေ့လည်း လေ့ကျင့်ထားတယ်။ ဒါပေမယ့် သူ ပွဲထွက်ကစားမှာလား မေးရင်တော့ ပိုချက်တီနိုက သူ့ လူစာရင်း အပြည့်အစုံ ထုတ်ပေးရင် ကျနော်လည်း ပြောမယ်လေ။ ” လို့ ကလော့ပ်က ဖြေကြား သွားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်က လက်ရှိ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ဗိုလ်လုပွဲ ပွဲထွက် လူစာရင်းမှာ ပါဝင်စေသင့်ကြောင်း တိုက်တွန်းပြောဆိုသွားပါတယ်။

လီဗာပူအသင်းဟာ လိုင်လီ တိုက်စစ်သမား နစ်ကိုးလပ်စ်ပီပီကို ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ ၄င်းကို ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း ပစ်မှတ်ထားနေတာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းမှာ လီဗာပူးအသင်းက စပါးထက် အစွမ်းထက်လက်နက်များ ပိုများကြောင်း တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ဆိုပါတယ်။ လီဗာပူးရဲ့ ဆာလက်၊ မာနေး၊ ဖာမီနို တိုက်စစ်အတွဲဟာ ဒီပွဲမှာ ခြေစွမ်း တောက်ပဦးမယ် မျှော်လင့်ရပါတယ်။

လီဗာပူး ပရိသတ်တွေကတော့ ဗိုလ်လုပွဲကျင်းပမယ့် မက်ဒရစ်မြို့ထဲ အပြည့် နေရယူထားပြီး အနီရောင်တွေ လမ်းပေါ်မှာ လွှမ်းခြုံနေတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးချိန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြာ ရက်ရှည် အနားရလိုက်တာက စပါးအတွက် အကျိုးရှိခဲ့ကြောင်း လီဗာပူးနဲ့ စပါး ကစားသမားဟောင်း ဒန်နီမာဖီက သုံးသပ်လိုက်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းဟာ ပြီးပြည့်စုံတဲ့ အတွဲအဖက် ဖြစ်ကြောင်း ကလပ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ကလော့ပ်ကို သက်တမ်းတိုး စာချုပ်တစ်ရပ်လည်း ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ဂရူဂျစ်ကို ခေါ်ယူဖို့ ၀ါဒါဘရီမင် အသင်းက စိတ်ဝင်စားနေပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားကတော့ ဟယ်သာဘာလင်မှာပဲ နောက်တစ်နှစ် အငှား ဆက်ကစားလိုနေပါတယ်။ ဂရူဂျစ်ကို ဟယ်သာဘာလင်က ယူရို ၁၈ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပေမယ့် အငှားပြီးဆုံးရင် အန်းဖီးသို့ ပြန်လာရဖွယ် ရှိပါတယ်။

လီဗာပူးခံစစ်မှူးဟောင်းကြီး ဂျွန်ဘန်းစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းမှ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ ပိုချက်တီနိုကို ဆုဖလားတွေ မရယူနိုင်သေးတဲ့အပေါ် မေးခွန်းထုတ်မှုတွေအား မိုက်မဲကြသူတွေလို့ မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဂျိမ်းစ် မေနာ နေရာအတွက် အစားထိုးဖို့ ကစားသမား ရှာဖွေသင့်ကြောင်းနဲ့ လက်စတာမှ တိုင်လီမန်းစ်ကို ပစ်မှတ် ထားသင့်ကြောင်း ဒန်နီမာဖီက တိုက်တွန်းသွားပါတယ်။