နည်းပြဆာရီက ချယ်ဆီးအသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပြီးနောက် ချယ်လ်ဆီးဘက်ကလည်း သဘောတူခွင့်ပြုပေးခဲ့ပြီး ဂျူဗင်တပ် အသင်းဆီကနေ တရားဝင် ကမ်းလှမ်းမှုကို စောင့်မျှော်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဂျူဗင်တပ်ဟာ ဆာရီကို ခေါ်ယူလိုပါက ချယ်ဆီးထံ လျော်ကြေး ပေါင် ၅ သန်း ပေးရမှာပါ။

အင်္ဂလန် လက်ရွေးစင်ဟောင်း အသက် ၃၉ နှစ်အရွယ် ချယ်ဆီး ဂိုးသမားကြီး ရော့ဘ် ဂရင်းက ဘောလုံး ကစားခြင်းမှ အနားယူပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

ဟာဇက်ဟာ တကယ်လို့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့သွားမယ်ဆိုရင်တောင် ပရိသတ်များရဲ့ လေးစားချစ်ခင်မှု ဆက်လက် ခံစားနေရမယ်လို့ ယုံကြည်ကြောင်း လော့ဖ်တပ်ချိခ်က ပြောကြားလိုက်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ယူရိုပါလိဂ် တစ်ရာသီ အကောင်းဆုံး အသင်းထဲမှာ ဗိုလ်စွဲထားတဲ့ ချယ်ဆီး ကစားသမားတွေ ကတော့ အများဆုံး လွှမ်းမိုးထားပြီး ၈ ယောက်ထိ ပါဝင်နေပါတယ်။

အကောင်းဆုံး အသင်းမှာ ပါဝင်ထားတဲ့ ချယ်ဆီးအသင်းသားတွေကတော့ ကီပါ၊ ဒေဗစ်လူးဝစ်၊ ကွီတာ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ဟာဇက်၊ ဂျီရူးနဲ့ ပက်ဒရိုတို့ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ချယ်ဆီး ဘယ်ခြမ်း ခံစစ်သမား အီမာဆင်ကိုပါ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ယူရို (၂၅)သန်းနဲ့ သန်း (၃၀)ကြား ပေးချေသွားဖို့ ရှိကာ အဆိုပါပမာဏထဲမှာ နည်းပြဆာရီအတွက် လျော်ကြေးငွေပါ ပါဝင်မယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာမယ့် အသင်းခေါင်းဆောင် ဂယ်ရီ ကာဟေးလ်ကို ပရီးမီးယားလိဂ်သို့ တန်းတက်လာတဲ့ အက်စတွန်ဗီလာအသင်းက ခေါ်ယူလိုနေပါတယ်။ ဗီလာမှာ ချယ်ဆီးကစားသမားဟောင်း ဂျွန်တယ်ရီက လက်ထောက် နည်းပြ အဖြစ် တာဝန်ယူနေတာ ဖြစ်လို့ အသင်းဖော်ဟောင်း နှစ်ဦး ပြန်ဆုံကြဖွယ် ရှိပါတယ်။

ချယ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်က အသင်းဖော်ဟောင်း ဟာဇက်ဟာ ရီးရဲလ်သို့ ပြောင်းမယ်ဆိုရင် ဘလွန်းဒီအောဆု ပါ ရရှိနိုင်သည် အထိ တိုးတက်လာနိုင်ကြောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။