ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးက စပါးအသင်းကို အနိုင်ရပြီးတဲ့နောက် ချန်ပီယံလိဂ်မှာ စပါးအသင်းဘက်က ခြေစွမ်းပျောက်ခဲ့တဲ့ ကစားသမားက ဘယ်သူလဲဆိုတာကို မော်ရင်ညိုက ဖော်ထုတ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ခြေစွမ်းကောင်းခဲ့တဲ့ မော်ရာကို ပထမပိုင်းမှာတင် မထည့်တဲ့ ပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာတစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကိန်းကတော့ ပထမပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့် ရခဲ့ပါတယ်။

မော်ရင်ညိုက ” စပါး ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်းပိုရခဲ့တယ်။ ဒါပေမယ့် ဂိုးပေါက် တစ်ကြိမ်တောင် တည့်အောင်ကန်ခွင့် မရဘူး။ စပါးရဲ့ အကောင်းဆုံးကစားပုံကို မမြင်ရသလို ကွင်းထဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်း ပျောက်ဆုံးနေခဲ့တယ်။ သူက သာမာန်ခြေစွမ်းနဲ့ ကစားသွားပါတယ်။

လီဗာပူးက ခံစစ်ကို ခုနှစ်ဦးလောက်ထိ ပိတ်ကာမှုတွေ လုပ်ခဲ့တယ်။ သူတို့က အရမ်းကို လက်တွေ့ကျတဲ့ ကစားသမားတွေဖြစ်ပြီး ခံစစ်ပိုင်း အရမ်းကို ကျစ်လစ်ပါတယ် ” လို့ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကလည်း မော်ရင်ညိုရဲ့ ဝေဖန်မှုကို ထောက်ခံခဲ့ပြီး ဟယ်ရီကိန်း စွမ်းဆောင်ရည်ကောင်းပြဖို့ လိုအပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။