မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ဒီရက်ပိုင်းအတွင်း အရှိန်မြင့်လာခဲ့တဲ့ ညာအစွန်လူ မူနီယာက PSG အား မန်ယူကိုပဲ ဦးစားပေးဖို့ အကြောင်းပြန်ထားပါတယ်။

မနှစ်ကရာသီ ဆိုးရွားတဲ့ ခံစစ်ကာကွယ်မှုတွေကြောင့် ခံစစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေပြီး မန်ယူဟာ ဒီလစ်၊ မက်ဂွဲရား၊ ကူလီဘာလီ အစရှိတဲ့ ခံစစ်သမားတွေကို ချိတ်ဆက်ပေမယ့် အောင်မြင်မှု မရသေးပါဘူး။ မူနီယာကလည်း မန်ယူအသင်း ခေါ်ယူလိုတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။

ဗလန်စီယာနဲ့ ယန်းတို့နေရာမှာ ရေရှည်အစားထိုးဖို့တွေ လိုအပ်လာနေချိန်မှာ မန်ယူဟာ ပဲလေစ့်အသင်းမှ အင်္ဂလန်လူငယ်လေး ဝမ်ဘစ်ဆာကာကို ခေါ်ယူလိုပေမယ့် ပေါင် ၆၀ သန်းထိ တောင်းဆိုခံရတာကြောင့် အဆင်မပြေဖြစ်နေပါတယ်။

ပြင်သစ်ကလပ်ကနေ ထွက်ခွာမယ့် ကစားသမားကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး မူနီယာကို ခေါ်ယူဖို့ ကြိုးစားနေတာက ယူနိုက်တက် တစ်သင်းပဲရှိတာ မဟုတ်ပဲ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်ဘက်ကလည်း ကြိုးစားနေတာဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီကလည်း သူ့ရဲ့ အသင်းဟောင်းထံ မူနီယာကို ခေါ်ယူနိုင်ဖို့ရာ အခွင့်အရေးပေးဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာဖြစ်တယ်။ မူနီယာကတော့ အမ်မရီရဲ့ အာဆင်နယ်ထက် စိတ်လှုပ်ရှားစရာ ကစားသမားကောင်းတွေရှိတဲ့ မန်ယူကို ပိုပြောင်းလိုနေပါတယ်။

မန်ယူကိုပဲ ဦးစားပေးဖို့ ကလပ်အသင်းကို အကြောင်းပြန်ထားတဲ့ မူနီယာဟာ မန်ယူအသင်း ပရိသတ်လည်းဖြစ်ကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ” ဖီဖာဂိမ်းထဲမှာ အမြဲတမ်း ရွေးချယ်ကစားခဲ့တာ မန်ယူနိုက်တက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်က အမြဲတမ်း မန်ယူနိုက်တက် ပရိသတ်တစ်ယောက် ဖြစ်ခဲ့တာလေ။ ” လို့ ဖြေထားပါတယ်။

မူနီယာဟာ ဈေးတော်တဲ့ ရွေးချယ်စရာတစ်ယောက်အဖြစ် ဆိုတာထက် ပိုပြီးတော့ ထိုက်တန်ပြီး သူဟာ တခြားသူတွေထက် ပိုမို လက်တွေ့ကျတဲ့ ရွေးချယ်မှုဖြစ်လာနိုင်သူ ဖြစ်ပါတယ်။