ဒီနေ့ညမှာတော့ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ် အဖြစ် ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ပွဲချိန်ကတော့ ည ၁ဝး၁၅ နာရီမှာ ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီရာသီ ဒုတိယအကြိမ် အဖြစ် ဝင်ဘာလေကွင်းမှာ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ ထိပ်တိုက် ဆုံတွေ့ ဗိုလ်လုကြဦးမှာပါ။ ဒီတခါ ဆုပ်ကိုင်ရမှာကတော့ အက်ဖ်အေဖလား ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်းမှာ ဒီနှစ်သင်းကပဲ ကာရာဘောင်းဖလား ဗိုလ်လုပွဲ အဖြစ် တွေ့ဆုံခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ် ထိ ရောက်ခဲ့ကာ လီဗာပူးက နှာတဖျားအသာနဲ့ ချယ်ဆီးကို အနိုင်ယူကျော်ဖြတ်ပြီး ဖလား ယူခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးက ပရီးမီးယားလိဂ် သမိုင်းနဲ့ချီပြီး အကောင်းဆုံး အသင်းတွေ ဖြစ်လာတယ် ဆိုနေကြပေမယ့် ချယ်ဆီးကလည်း ဒီရာသီ အဲဒီနှစ်သင်းနဲ့ ကောင်းကောင်း ယှဉ်နိုင်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီးနဲ့ လီဗာပူးတို့ အစောပိုင်း တွေ့တုန်းက ချယ်ဆီးဟာ ၁ဝ ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် တစ်မှတ် ရအောင် ယူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီမှာလည်း စတန်းဖို့ဘရစ်ချ်မှာ ၂-၂ နဲ့ သရေ ကျသွားခဲ့ပြန်ပါတယ်။ ကျနော့် အမြင်တော့ ချယ်ဆီးက ကာရာဘောင်းဖလားကိုလည်း ရခဲ့သင့်တာပါ၊ ဒါပေမယ့် မဖြစ်ခဲ့ဘူး။

ဒီတလော သီတင်းပတ်တွေမှာ နှစ်သင်းလုံးက နည်းနည်း ပွဲပန်းနေပုံရပြီး ခံစစ်ကလည်း ပွင့်နေပါတယ်။ ဒါ့အပြင် ဒီပွဲ မတိုင်ခင် ဖာဘင်ညိုနဲ့ ကိုဗာဆစ် တို့ ဒဏ်ရာ ရတာက သူတို့အသင်းတွေ အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် သတင်းတွေသာ မှန်မယ် ဆိုရင် ကိုဗာဆစ်ကတော့ အက်ဖ်အေ ဗိုလ်လုပွဲ အမှီ ပြန်ကောင်း လာနိုင် ပါသေးတယ်။ ဖာဘင်ညိုကတော့ ဒီပွဲ မပါနိုင်ဘူးလို့ တရားဝင် သတင်းထုတ်ပြန်ထားတာပါ။ ဖာဘင်ညို က လီဗာပူးမှာ အားလုံးကို ချိတ်ဆက်ပေးသူ ဖြစ်တော့ သူ မပါတိုင်း လီဗာပူးက ဝါးအစည်းပြေသလို ဖြစ်နေတတ်ပါတယ်။

နည်းပြ တူချယ် အတွက် အကြီးဆုံး စိတ်ပူစရာကတော့ ကျနော့် အမြင် အခုထိ သူ့အကြိုက် တိုက်စစ် ၃ ယောက်ကို မဆုံးဖြတ်နိုင်သေးတာပဲ။ ကျနော်ကတော့ ကိုင်ဟာဗက်ဇ်နဲ့ မေဆန်မောင့်တို့ ပွဲထွက်ကနေ ပါဝင်လာမယ် ယုံကြည်တယ်။ ဒါပေမယ့် တိုက်စစ်မှာ သူတို့နဲ့ အတူ က ဘယ်သူပွဲထွက်လာမလဲ။

တီမိုဗာနာက နေရာယူမှု၊ တိုက်ရိုက် ထိုးဖောက်မှုတွေနဲ့ ကောင်းသလို လူကာကူ ကလည်း ဒီတလော ဂိုးတွေ ပြန်ရနေတယ်။ ဇီယက်ချ်ကလည်း ရှိသေးတယ်။ တူချယ်မှာ ရွေးစရာတွေ အများကြီးပါ။

ဖလားဖိုင်နယ်ပွဲ တစ်ပွဲ မတိုင်ခင်မှာ ဆိုရင် မိုဟာမက် ဆာလာ အကြောင်းက မပြောမဖြစ်ပါပဲ။ သူက လတ်တလောမှာပဲ သူ့နေရာမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားပါလို့ ဆိုထားတယ်။ ကျနော်လည်း သူပြောတာ သဘောတူတယ်။

ဆာလာ အနေနဲ့ ဒီတလော သီတင်းပတ်တွေမှာ နည်းနည်း ငုတ်နေသည့်တိုင် သူ့ အရည်အသွေးကို သက်သေပြစရာ မလိုပါဘူး။ လူတိုင်းက ဝင်ဘာလေက ဖလားဖိုင်နယ် တစ်ပွဲမှာ ဂိုးသွင်းဖို့ စိတ်ကူးအိမ်မက် ရှိကြတာပဲ။ ဒီတော့ သူ့အတွက်လည်း ဒီလိုပဲ ဖြစ်မှာပါ။

ဒီပွဲအကြောင်းကို ကျနော် စ စဉ်းစားတော့ သရေပွဲ ဖြစ်မယ်လို့ ဦးတည် တွေးထားခဲ့မိတယ်။ ဒါပေမယ့် ဖာဘင်ညို မပါတဲ့ လီဗာပူး အခြေအနေကြောင့် ချယ်ဆီးတို့ အသာရ အနိုင်ရသွားမယ် လို့ ကျနော် ထင်တယ်။ ကာရာဘောင်း ဖလား ဖိုင်နယ်က ဝ-ဝ နဲ့ ပြီးခဲ့တယ် ဆိုပေမယ့် အဲဒီညက ဂိုးအခွင့်အရေး ဖန်တီးမှုတွေက ရူးလောက်စရာပါ။

နောက်ဆုံးအနေနဲ့ကတော့ ဒီပွဲသာ ပင်နယ်တီထိ ရောက်မယ် ဆိုရင် ချယ်ဆီး ကီပါကို ထပ် ဆွဲထည့် မလာဖို့ မျှော်လင့်တယ်။ အရင် တခေါက် ဘယ်လို ဖြစ်တယ် ဆိုတာ မြင်ခဲ့ရပြီးပြီ။ သူတို့ အက်ဒ်ဝပ် မန်ဒီ နဲ့ ပိုကောင်းပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၂-၁ လီဗာပူး ဖြစ်ပါတယ်။