ပရီးမီးယားလိဂ် နည်းပြဟောင်း မော်ရင်ဟိုက လီဗာပူး တိုက်စစ်မှူး ဆာလက်အနေနဲ့ အီဂျစ်အသင်းနဲ့ အာဖရိကဖလားကို အနိုင်ရမယ်ဆိုရင် Ballon d’Or ဆု အနိုင်ရနိုင်တယ်လို့ သတိပေးပြောစကား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရိုနယ်ဒိုနဲ့ က်ဆီတို့နှစ်ဦး ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးထားတဲ့ အဆိုပါဆုကို မနှစ်က ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခရိုအေးရှားကွင်းလယ်ကစားသမား လူကာမိုဒရစ်က ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

မိုဒရစ်ဟာ ကလပ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာဖလား ဗိုလ်လုပွဲထိ ရောက်ခဲ့တာကြောင့် အဆိုပါဆုကို မက်ဆီကို ကျော်လွန်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကြီးကို ရယူနိုင်ခဲ့ပြီး နွေရာသီမှာတော့ အာဖရိကဖလားပြိုင်ပွဲကို အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။

Balllon d’Or ဆုကို ဆွတ်ခူးဖို့အတွက် ရေပန်းအစားဆုံးမှာတော့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ လီဗာပူးအသင်းရဲ့ ခံစစ်ကစားသမား ဗန်ဒိုက်တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။ နွေအတွင်း လက်ရွေးစင် အောင်မြင်မှုတွေက ကစားသမားတွေရဲ့ Balllon d’Or ဆု ရေပန်းစားမှုတွေကို တိုးမြင့်စေမှာပါ။

မော်ရင်ဟိုက “ ဆာလက် အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိချင်တယ်ဆိုရင် အီဂျစ်အသင်းနဲ့ အာဖရိကဖလား အနိုင်ရဖို့ လိုပါတယ်။ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်သွားမှာဖြစ်လို့ ဒီဆုဖလားကို အရယူနိုင်ဖို့ တောင်းဆိုမှုတွေလည်း များပြားနေတယ် ” လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

၂၀၁၉ အာဖရိကဖလားပြိုင်ပွဲကို အီဂျစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီးတော့ အုပ်စုအဆင့်မှာ ကွန်ဂို၊ ဇင်ဘာဘွေ၊ ယူဂမ်နာ အသင်းတွေနဲ့ ဆုံတွေ့နေပြီး ဗိုလ်စွဲဖို့ကလည်း ရေပန်းအစားဆုံး ဖြစ်နေပါတယ်။